ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဥက္ကဌဟောင်းတစ်ဦးဖြစ်တဲ့ ရာမွန်ကယ်ဒါရွန်က သူရဲ့အသင်းဟောင်း ရီးရဲလ်က လီဗာပူးလ်အသင်းရဲ့ အီဂျစ်တိုက်စစ်ကစားသမား မိုဟာမက်ဆာလာကို ခေါ်ယူသွားချင်နေတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပေမယ့် လီဗာပူးလ်ဘက်ကတော့ သူတို့ရဲ့ ကြယ်ပွင့်ကစားသမားကို မဖြစ်မနေ ရောင်းချရမယ့်ဆိုရင် ပြောင်းရွှေ့ကြေးကို များစွာရရှိမှသာ ရောင်းချနိုင်မှာဖြစ်လို့ ရီးရဲလ်ဘက်ကနေ ဆာလာအတွက် ငွေအလုံအရင်းနဲ့ ကမ်းလှမ်းနိုင်မှာမဟုတ်ဘူးလို့ပါ ကယ်ဒါရွန်က ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၈)နှစ်အရွှယ်ရှိ အီဂျစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဆာလာဟာ လီဗာပူးလ်အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်ပြီး ရိုးမားကနေ လီဗာပူးလ်အသင်းဆီကို ရောက်ရှိလာချိန်ကတည်းက အသင်းနဲ့အတူ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ဆုဖလားတွေကိုပါ ရယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာလည်း သွင်းဂိုး(၁၇)ဂိုးနဲ့ ပရီးမီးယားလိဂ်ရဲ့ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နေတဲ့ ဆာလာကို လက်ရှိမှာ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတို့လို လာလီဂါထိပ်သီး ကလပ်အသင်းတွေက အလိုရှိနေတာဖြစ်ပြီး ရီးရဲလ်ဘက်ကလည်း ဆာလာကို အမှန်တကယ် လိုချင်နေတာဖြစ်တယ်လို့ အသင်းဥက္ကဌဟောင်း ကယ်ဒါရွန်က ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Liverpool FC

ဆာလာနဲ့ပတ်သက်ပြီး ကယ်ဒါရွန်က “သူက တကယ့်ကို ကစားသမားကောင်းတစ်ယောက်ဖြစ်ပြီး ဂိုးသွင်းအားကောင်းတဲ့ တိုက်စစ်မှူးကောင်းတစ်ယောက်ပါ။ လီဗာပူးလ်အသင်းအတွက်ကိုလည်း သူရဲ့အကောင်းဆုံးခြေစွမ်းတွေနဲ့ ကူညီပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ သူ့ကို လီဗာပူးလ်ဘက်ကနေ လက်လွတ်လိုက်မယ်လို့ မထင်မိပါဘူး။ တကယ်လို့ သူတို့ဘက်ကနေသာ လက်လွတ်သွားဖို့ စဉ်းစားလာပြီဆိုရင်လည်း ဆာလာအတွက် ငွေကြေးများစွာကို ပြန်လည်အလိုရှိမှာ သေချာပါတယ်။ ဆာလာလို ကစားသမားမျိုးကို ရီးရဲလ်ဘက်ကနေ အလိုရှိနေတယ်ဆိုတာ သေချာပါတယ်။ ဒါပေမယ့် လီဗာပူးလ်အသင်းဘက်ကနေ ဆာလာအတွက် ပြန်လည်အလိုရှိမယ့် တန်ကြေးကတော့ အရမ်းများပြားနိုင်တာက ရီးရဲလ်အသင်းအတွက် အခက်အခဲဆုံး ဖြစ်လာနိုင်ပါတယ်။ ဆာလာလို အရည်အသွေးမြင့်မားတဲ့ ကစားသမားမျိုးကို ကလပ်အသင်းတိုင်းက အလိုရှိကြမှာပါ။ ဒါပေမယ့် ကျွန်တော်အမြင်ဆိုရင်တော့ ရီးရဲလ်ဘက်က အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေတွေကြောင့် ဆာလာကို ခေါ်ယူနိုင်မှာ မဟုတ်ဘူးလို့ ထင်ပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် လီဗာပူးလ်နည်းပြ ယာဂန်ကလော့ကလည်း ဆာလာအနေနဲ့ ဘယ်အသင်းကိုမှ ပြောင်းရွှေ့မှာမဟုတ်ပဲ အသင်းမှာသာ နှစ်ရှည်ကြာ ဆက်ရှိနေမှာဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုလိုက်ပါတယ်။