မကြာသေးမီကမှ ယခုနှစ်ရဲ့ စပိန်လာလီဂါ ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ သူတို့အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်သူ အီဒင် ဟာဇက်ကို ရောင်းထုတ်ပြီး အသင်းရဲ့ ကစားသမားဟောင်းလည်းဖြစ် ကြယ်ပွင့် တိုက်စစ်မှူးလည်း ဖြစ်တဲ့ ရိုနယ်ဒိုကို ပြန်လည် ခေါ်ယူဖို့ စဉ်းစားနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

စပိန်လာလီဂါ ချန်ပီယံ ရီးရဲလ်မက်ဒရစ်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကို ကြီးမားတဲ့ သွေးသစ်လောင်းမှုတွေ ပြုလုပ်ဖို့ စီစဉ်နေတဲ့ အသင်းတသင်း ဖြစ်ပြီး တိုက်စစ်ပိုင်း အတွက် ပီအက်စ်ဂျီရဲ့ ကြယ်ပွင့် တိုက်စစ်မှူး အမ်ဘာပေကို အလွတ်နဲ့ ခေါ်ယူနိုင်ဖို့ နီးကပ်နေသလို ခံစစ်ပိုင်း အတွက် ချယ်လ်ဆီးရဲ့ ဗဟိုနောက်ခံလူ ရူဒီဂါကို အလွတ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရထားပါတယ်။

Photo Credit: Mirror

ရီးရဲလ်မက်ဒရစ်ဟာ အသင်းကို အင်အားဖြည့်တင်းဖို့ ကစားသမားသစ်တွေ ခေါ်ယူရန် ကြိုးစားနေသလို တဖက်မှာလည်း အသင်းရဲ့ ရှိရင်းစွဲ ကစားသမားတွေထဲက မာဆယ်လို ၊ ဂါရတ်ဘေးလ် စတဲ့ လုပ်ခလစာ မြင့်မားတဲ့ ကစားသမားတွေကို လက်လွှတ်ဖို့ ရှိနေသလို ဟာဇက် ၊ အဆန်စီယို ၊ ဗက်စ်ကွက် စတဲ့ ပုံမှန် ခြေစွမ်းကောင်း ပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ ကစားသမားတွေကိုလည်း ရောင်းထုတ်သွားဖို့ စီစဉ်နေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Mirror သတင်းဌာနရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်ဟာ သူတို့အသင်းရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ထားသလို လက်ရှိအချိန် အထိ ဂိုးသွင်းစွမ်းရည်ကောင်းတွေကို ပိုင်ဆိုင်ထားတဲ့ ခရစ္စတီယာနို ရိုနယ်ဒိုကို အသင်းထံ တကျော့ပြန် ပြန်လည် ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ရိုနယ်ဒိုကို ခေါ်ယူလိုက်ခြင်းအားဖြင့် ရိုနယ်ဒိုရဲ့ အမာခံ ပရိသတ် တဦး ဖြစ်သူ အမ်ဘာပေအား အသင်းထံ အမြန်ဆုံး ပြောင်းရွှေ့လာအောင် တွန်းအားပေးနိုင်မယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။

Photo Credit: Mirror

ရီးရဲလ်မက်ဒရစ်နဲ့ နီးစပ်သူတွေကလည်း ရီးရဲလ်မက်ဒရစ်ရဲ့ တာဝန်ရှိသူ တချို့ဟာ ရိုနယ်ဒိုကို အသင်းထံ ပြန်လည် ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အတည်ပြုပေးထားသလို ရီးရဲလ်မက်ဒရစ်ကသာ ရိုနယ်ဒို အတွက် ပြောင်းရွှေ့ကြေး ယူရို ၂၀သန်း ဝန်းကျင်နဲ့ ကမ်းလှမ်းမှု တရပ် ပြုလုပ်ခဲ့ရင် မန်ချက်စတာ ယူနိုက်တက်က ရိုနယ်ဒိုကို ထွက်ခွာခွင့် ပေးမယ်လို့ ယုံကြည်နေကြကြောင်း ဆိုပါတယ်။