ဒီနှစ်ဘောလုံးရာသီအတွင်း ခြေစွမ်းပိုင်း အရမ်းကိုတောက်ပလာခဲ့ကြတဲ့ ကစားသမားတွေထဲမှာ နာပိုလီအသင်းရဲ့ စပိန်ကွင်းလယ်ကစားသမား ဖာဘီယန်ရုဇ်လည်း အပါအဝင်ဖြစ်နေပါတယ်။ နာပိုလီအသင်းကက ဒီရာသီမှာ ရလဒ်ပိုင်း တိမ်းစောင်းမှုတွေ ရှိခဲ့ပေမယ့်လည်း ဖာဘီယန်ရုဇ်ကတော့ အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ အကောင်းဆုံးတွေနဲ့ အသင်းအတွက် စွမ်းဆောင်မှုတွေ ပြုလုပ်ပေးထားလို့ အခုဆိုရင် သူ့ကို ဥရောပထိပ်သီး အသင်းပေါင်းများစွာကနေ ခေါ်ယူဖို်အတွက် မျက်စိကျနေသလို ဒီထဲမှာ ရီးရဲလ်မက်ဒရစ်အသင်းလည်း ပါဝင်လျက်ရှိလို့နေပါတယ်။

Photo Credit : FC  Barcelona

အသက်(၂၄)နှစ်အရွှယ်ရှိ စပိန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဖာဘီယန်ရုဇ်ဟာ ၂၀၁၈ခုနှစ်ကမှ ရီးရဲလ်ဘက်တစ်အသင်းကနေ နာပိုလီအသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အချိန်တိုလေးအတွင်းမှာ နာပိုလီရဲ့ အမာခံကစားသမားတစ်ယောက် ဖြစ်လာခဲ့ရပါတယ်။ ဘက်တစ်လူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့တဲ့ ဖာဘီယန်ရုဇ်ဟာ ဒီရာသီမှာတော့ နာပိုလီအသင်းအတွက် ပြိုင်ပွဲစုံ(၃၂)ပွဲအထိ ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး(၃)ဂိုးနဲ့ ဂိုးဖန်တီးမှုကို (၂)ကြိမ်ပြုလုပ်ထားခဲ့ပါတယ်။ ဒါ့အပြင် ရုဇ်ဟာ စပိန်လက်ရွေးစင်အသင်းအတွက်ကိုလည်း (၆)ပွဲအထိတောင် ပါဝင်ကစားထားနိုင်ခဲ့ပါတယ်။

Photo Credit : Metro

အသင်းရဲ့ကွင်းလယ်ပိုင်းမှာ အကောင်းဆုံးခြေစွမ်းတွေ ပြသထားနိုင်တဲ့ ဖေဘီယန်ရုဇ်ကို ဘာစီလိုနာ လီဗာပူးလ် ဘိုင်ယန်မြူးနစ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ကနေ ခေါ်ယူသွားဖို့အတွက် ပြင်ဆင်လျက်ရှိနေကြတဲ့အပြင် လက်ရှိမှာလည်း ကစားသမားကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်အသင်းဘက်ကနေ စိတ်ဝင်စားလျက်ရှိနေတယ်လို့ ကစားသမားအေးဂျင့် အဲဗာရိုတောရက်စ်ကိုယ်တိုင် ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ အဲဗာရိုတောရက်စ်က “ဖာဘီယန်ရုဇ်ကို ခေါ်ယူဖို့အတွက် လာရောက်ဆက်သွယ်တဲ့ အသင်းကြီးတွေများစွာရှိပါတယ်။ နာပိုလီမှာလည်း အကောင်းဆုံးခြေစွမ်းတွေနဲ့ (၃)နှစ်တောင် ဖြတ်သန်းခဲ့ပြီးပါပြီ။ ဟုတ်ပါတယ် အခု သူ့ကို ရီးရဲလ်အသင်းဘက်ကနေ စိတ်ဝင်စားမှုတွေ ပြသနေပါတယ်။ ဒါပေမယ့်လည်း သူအနေနဲ့ လက်ရှိမှာတော့ နာပိုလီအသင်းအတွက်ကိုပဲ အာရုံစိုက်ထားသင့်ပါတယ်။ လာမယ့်နွေမှာတော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရပါမယ်” လို့ ပြောဆိုလိုက်ပါတယ်။