ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက်ကမှ လိုင်ယွန်အသင်းကနေ နယူးကာဆယ်ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ဘရာဇီးလ် ကွင်းလယ်ကစားသမား ဘရူနိုဂွီမာရေ့စ်ကို ရီးယဲလ်မက်ဒရစ်အသင်းဘက်က ခေါ်ယူသွားဖို့ စိတ်ဝင်စားနေပြီး လာမယ့်နွေမှာပဲ ကမ်းလှမ်းမှုတွေ ပြုလုပ်လာနိုင်တယ်လို့ စပိန်မီဒီယာ AS ကနေ ဖော်ပြသွားခဲ့ပါတယ်။

Newcastle star Bruno Guimaraes has impressed in his short stint in the Premier League

Photo Credit : The Sun

AS သတင်းမီဒီယာရဲ့ ဖော်ပြချက်မှာတော့ ရီးယဲလ်အသင်းဟာ မိုဒရစ် တိုနီကရူးစ် ကတ်စီမီရိုတို့လို အသက်(၃၀)ကျော် ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းကွင်းလယ်ပိုင်းကို သွေးသစ်လောင်းဖို့အတွက် ဂွီမာရေ့စ်လို ကွင်းလယ်လူမျိုးကို ခေါ်ယူချင်နေတာဖြစ်ပြီး အနာဂတ်မှာ လက်ရှိ အသင်းရဲ့ ကွင်းလယ်ကစားသမားတွေထဲ အသက်အားဖြင့် ငယ်ရွှယ်သူတွေဖြစ်တဲ့ ကာမာဗင်ဂါ ဗယ်လ်ဗာဒီတို့နဲ့ တွဲဖက်ပေးသွားချင်နေတာ ဖြစ်ပါတယ်။ ရီးယဲလ်အသင်းဟာ ဂွီမာရေ့စ်ကို လိုင်ယွန်အသင်းမှာ ကစားနေစဉ်ကတည်းက စိတ်ဝင်စားခဲ့တာ ဖြစ်ပေမယ့် ဂွီမာရေ့စ်ထက် မိုနာကိုကွင်းလယ်လူ ချူအာမန်နီကိုသာ ဦးစားပေး ပစ်မှတ်ထားခဲ့တာဖြစ်လို့ အခုလို နယူးကာဆယ်က လက်ဦးသွားခဲ့ရတာ ဖြစ်ပါတယ်။

Real Madrid está interessado em Bruno Guimarães, diz jornal - Mercado do  Futebol

Photo Credit : Mercado do Futebol

အသက်(၂၄)နှစ်အရွှယ်ရှိ ဘရာဇီးလ်လက်ရွေးစင် ကွင်းလယ်ကစားသမား ဂွီမာရေ့စ်ဟာ ဇန်နဝါရီစျေးကွက်မှ လိုင်ယွန်ကနေ နယူးကာဆယ်အသင်းဆီ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်(၄၃)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းနဲ့လည်း ၂၀၂၆ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတာ ဖြစ်ပါတယ်။ ဂွီမာရေ့စ်ဟာ နယူးကာဆယ်ကို စတင်ရောက်ရှိချိန်မှာ (၅)ပွဲဆက်တိုက်လောက် ပွဲပြီးဆုံးခါနီးမှသာ ပါဝင်ခွင့်ရတာ ဖြစ်ပေမယ့်လည်း နောက်ပိုင်းပွဲတွေအတွင်း တောက်လျှောက်ပါဝင်ခွင့် ရလာခဲ့သလို အသင်းရဲ့ key player တစ်ဦး ဖြစ်လာခဲ့ရပြီး လက်စတာကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာလည်း အသင်းအတွက် သွင်းဂိုး(၂)ဂိုးလုံးကိုပါ တစ်ဦးတည်း သွင်းယူပေးနိုင်ခဲ့ပါသေးတယ်။ လက်ရှိမှာ နယူးကာဆယ်အတွက် (၁၂)ပွဲကစား (၃)ဂိုးသွင်းယူထားပြီး (၁)ဂိုး ဖန်တီးထားနိုင်ခဲ့တဲ့ ဂွီမာရေ့စ်ဟာ နယူးကာဆယ်မှာ အထူးခြေစွမ်းပြနေသူဖြစ်လို့ ထိပ်တန်းကလပ်အသင်းတွေက ခေါ်ယူသွားဖို့ စိတ်ဝင်စားနေကြသလို ဒီအသင်းတွေထဲမှာ ရီးယဲလ်အသင်းလည်း ပါဝင်လျက် ရှိနေပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးလောက်မှာ အရခေါ်ယူသွားဖို့ ရည်ရွှယ်ထားတယ်လို့ သိရှိရပါတယ်။