စပိန် လာလီဂါ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းဟာ ပြီးခဲ့တဲ့ နွေစျေးကွက် အတွင်းမှာ စပါးအသင်းထံ ရောင်းချလိုက်တဲ့ စပိန်် ဘယ်နောက်ခံလူ ရီဂူလင်ကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ပြန်ခေါ်ဖို့ စီစဉ်နေကြောင်း စပိန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ ရီဂူလင်ဟာ နွေအပြောင်းအရွှေ့ မပိတ်သိမ်းမီမှာ အသင်းဖော် ဂါရတ်ဘေးလ်နဲ့ အတူ ရီးရဲလ်မက်ဒရစ်အသင်း ကနေ စပါးအသင်းထံ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး စပါးအသင်းနဲ့ ၂၀၂၅ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ် ချုပ်ဆိုထားသူ ဖြစ်ပေမယ့် ရီးရဲလ်မက်ဒရစ် အသင်းဟာ ရီဂူလင်ကို ရောင်းချချိန်မှာ ပြန်လည် ခေါ်ယူခွင့်ကို ထည့်သွင်း ချုပ်ဆိုထားခဲ့ပါတယ်။

Photo Credit: Sky Sports

အသက် ၂၃နှစ်အရွယ် စပိန် ဘယ်နောက်ခံလူ ရီဂူလင်ဟာ စပါးအသင်းအတွက် ပြိုင်ပွဲစုံမှာ စုစုပေါင်း ၄ပွဲသာ ပါဝင် ကစားပေးထားပေမယ့် ဂိုးဖန်တီးမှု နှစ်ကြိမ်အထိ ပြုလုပ်နိုင်ခဲ့သလို စပါးအသင်းရဲ့ အဓိက နောက်ခံလူ တစ်ဦးအဖြစ် အသင်းဖော်တွေရဲ့ သတ်မှတ်ခြင်းကို ခံထားရပါတယ်။ စပိန် အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ် အသင်းဟာ ကနဦးမှာ ရီဂူလင်ကို စပါးအသင်းထံ နှစ်ရာသီခန့် စေလွှတ်ကာ သူ့ရဲ့ ခြေစွမ်းကို အကဲခတ်ပြီး အသင်းထံ ပြန်ခေါ် ၊ မခေါ်ကို ဆုံးဖြတ်ဖို့ ကြံစည်ခဲ့ပေမယ့် အသင်းရဲ့ ဝါရင့် ဘယ်နောက်ခံလူ မာဆယ်လိုဟာ ပြီးခဲ့တဲ့ အပတ်အတွင်းမှာ အသင်းကနေ ထွက်ခွာခွင့် တောင်းခံခဲ့သလို ရီဂူလင်ဟာလည်း စပါးအသင်းမှာ ခြေစွမ်းပြ နေတာကြောင့် ရီဂူလင်ကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာပဲ ပြန်လည် ခေါ်ယူတော့မယ် လို့ သိရပါတယ်။

Photo Credit: Sky Sports

စပိန်အခြေစိုက် နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ AS သတင်းဌာနရဲ့ အဆိုအရ ရီးရဲလ်မက်ဒရစ် အသင်းဟာ ယခုရာသီ ကုန််ဆုံးချိ်န်မှာ မာဆယ်လိုကို အသင်းကနေ ထွက်ခွာခွင့်ပေးကာ ရီဂူလင်ကို ပြန်လည် ခေါ်ယူဖို့ စီစဉ်နေပြီး ရီဂူလင်ကို ရောင်းချချိန်မှာ ထည့်သွင်းခဲ့တဲ့ ပြန်လည် ခေါ်ယူခွင့် အချက်အလက်ဟာ နွေစျေးကွက်မှာ စတင် အသက်ဝင်မယ်လို့ သိရပါတယ်။ ရီဂူလင်နဲ့ နီးစပ်သူတွေကလည်း ရီဂူလင်ရဲ့ အိမ်မက် ဟာ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ နံပါတ်တစ် ဦးစားပေး ဘယ်နောက်ခံလူ တစ်ဦး ဖြစ်လာဖို့ ဖြစ်တာကြောင့် ရီဂူလင်ဟာ ရီးရဲလ်မက်ဒရစ် အသင်းက ပြန််ခေါ်ရင် ပြန််သွားလိမ့်မယ်လို့ ဖွင့်ဟ ထားပါတယ်။ ကနဦးမှာ ထွက်ပေါ်ထားတဲ့ သတင်းတွေအရတော့ ရီးရဲလ်မက်ဒရစ် အသင်းဟာ ရီဂူလင်ကို ပြောင်းရွှေ့ကြေး ယူရို ၄ဝသန်း ဝန်းကျင်နဲ့ ပြန်လည် ခေါ်ယူနိုင်မှာ ဖြစ်ကြောင်း သိရှိ ထားရပါတယ်။