MySport Myanmar

မန်စီးတီးမှာ အနာဂတ် မရေရာတော့တဲ့ စတာလင်ကို ရီးယဲလ် ပစ်မှတ်ထားလာခဲ့

ဒေါ့မွန်အသင်းရဲ့ နော်ဝေတိုက်စစ်ကစားသမားလေး အာလင်းဟော်လန်းကို ခေါ်ယူထားပြီးတဲ့နောက်မှာ အနာဂတ် အခြေအနေတွေ မရေမရာ ဖြစ်လာခဲ့ရတဲ့ မန်ချက်စတာစီးတီးအသင်းရဲ့ အင်္ဂလန်တောင်ပံကစားသမား ရာဟင်စတာလင်ကို လာလီဂါချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်းက ပြောင်းရွှေ့ကြေး ပေါင်သန်း(၅၀)ခန့်နဲ့ ကမ်းလှမ်းသွားဖွယ် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Sporting News

ရီးယဲလ်အသင်းဟာ လာမယ့်ရာသီအတွက် ပီအက်စ်ဂျီ တိုက်စစ်ကစားသမား ကီလီယန်အမ်ဘာပေကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားခဲ့ပေမယ့်လည်း ဘာပေက ပီအက်စ်ဂျီနဲ့ (၃)နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုလိုက်တာကြောင့် ဘာပေအစား သူတို့ရဲ့ ပစ်မှတ်ဟောင်း ဖြစ်ခဲ့ဖူးတဲ့ စတာလင်ကို ပြန်လည်ချိန်ရွှယ်လာခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီး တောင်ပံကစားသမား စတာလင်ဟာလည်း အသင်းနဲ့ နောက်ထပ် တစ်နှစ်သာ စာချုပ်သက်တမ်း ကျန်ရှိနေတော့တာ ဖြစ်သလို လာမယ့်ရာသီမှာလည်း သူရဲ့ အနာဂတ်က မသေချာတော့တဲ့ အနေအထား ဖြစ်နေတာကြောင့် စတာလင်ရဲ့ အခြေအနေကို ရီးယဲလ်ဘက်က စောင့်ကြည့်နေတာ ဖြစ်ပါတယ်။

Photo Credit : The Telegraph

ရီးယဲလ်အသင်းဟာ လာမယ့်ရာသီမှာ တိုက်စစ်ပိုင်းအတွက် ဘာပေ ဟော်လန်းတို့ကို ပစ်မှတ်ထားခဲ့ပေမယ့် ဘာပေက ပီအက်စ်ဂျီမှာပဲ ဆက်လက်ရှိနေသလို ဟော်လန်းကလည်း ဒေါ့မွန်ကနေ မန်စီးတီးကို ပြောင်းရွှေ့သွားခဲ့တာဖြစ်လို့ ပစ်မှတ်ဟောင်း စတာလင်ကို ပြန်လည်ပစ်မှတ်ထားလာခဲ့တာဖြစ်ပြီး ပေါင်သန်း(၅၀)နဲ့ ကမ်းလှမ်းသွားချင်နေတယ်လို့ သိရှိရပါတယ်။ မန်စီးတီးအသင်းကလည်း တိုက်စစ်ပိုင်းအတွက် ဟော်လန်းအပါအဝင် အဲဗာရက်ဇ်ကိုပါ ခေါ်ယူထားခဲ့တာဖြစ်လို့ အသင်းရဲ့တိုက်စစ်မှာ ကစားသမားဦးရေ မဖောင်းပွနေအောင် ကစားသမားတစ်ဦးခန့် လျှော့ချသွားဖို့ ရှိနေသလို အသင်းမှာ စာချုပ်တစ်နှစ်ပဲ ကျန်ရှိကြတော့တဲ့ မာရက်ဇ်နဲ့ စတာလင် တစ်ဦးဦးတည်းကို ရှင်းထုတ်သွားဖွယ် ရှိနေပါတယ်။ စတာလင်ကိုယ်တိုင်ကလည်း မန်စီးတီးနဲ့ လက်တွဲဖြုတ်ဖြစ်မယ်ဆိုရင် သူ့အနေနဲ့ ပြည်ပထိပ်သီး ကလပ်အသင်းတစ်ခုမှာ သွားရောက်ကစားချင်တယ်လို့ ထုတ်ဖော်ပြောဆိုထားခဲ့ဖူးတာကြောင့် ရီးယဲလ်ဘက်ကနေသာ ကမ်းလှမ်းမှု ပြုလုပ်လာခဲ့မယ်ဆိုရင် ဒီအပြောင်းအရွှေ့က ဖြစ်ပေါ်လာနိုင်ခြေ ရှိနေရပါတယ်။

Exit mobile version