ကဲ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်တဲ့ အသင်း ၆သင်းကတော့ ထွက်ပေါ်လာပါပြီ။ အဲ့ဒီအသင်းတွေက ဘိုင်ယန်မြူးနစ် ၊ မန်ချက်စတာ စီးတီး ၊ အေစီမီလန် ၊ အင်တာမီလန် ၊ ချယ်လ်ဆီးနဲ့ ဘင်ဖီကာတို့ပါ။ ဒီနေ့ညမှာတော့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်ဆီ တက်ရောက်နိုင်မယ့် နောက်ထပ်အသင်း နှစ်သင်း ထပ်မံ ပေါ်ထွက်လာဖို့ ရှိနေပါတယ်။ ထုံးစံအတိုင်းပဲ ကျွန်တော်တို့ MYSPORT Teamက ပရိသတ်ကြီး အတွက် လက်ကျန် ချန်ပီယံလိဂ်ပွဲ ၂ပွဲ အတွက် ပွဲကြို ခန့်မှန်း သုံးသပ်ချက်ကို လုပ်ပေးသွားပါဦးမယ်။ စလိုက်ကြရအောင်ဗျာ…။

Photo Credit: Standard

နာပိုလီနဲ့ ဖရန့်ဖတ် (ကြာသပတေး မနက် ၂နာရီခွဲ)

နာပိုလီနဲ့ ဖရန့်ဖတ်တို့ရဲ့ ပထမအကျော့မှာ နာပိုလီက ဖရန့်ဖတ်ကို ဂျာမန်မြေမှာ ၀-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရထားတာကြောင့် နောက်တဆင့်ဆီ ဘယ်အသင်း တက်မလဲ ဆိုတာ အဖြေ သိနေရတဲ့ ပွဲလို့တောင် ပြောလို့ရပါတယ်။ နာပိုလီက ပထမအကျော့မှာ ဂိုးပြတ်နိုင်ပွဲ တပွဲ ရထားသလို ခြေစွမ်းပိုင်းကလည်း ဧည့်သည် ဖရန့်ဖတ်ထက် အပုံကြီး သာပါတယ်။

နာပိုလီက နောက်ဆုံး ကစားခဲ့တဲ့ ၇ပွဲမှာ လာဇီယိုကို ၀-၁ ဆိုတဲ့ ရလဒ်နဲ့ မထင်မှတ်ပဲ အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်ကလွဲရင် ကျန်တဲ့ ၆ပွဲစလုံးကို အနိမ့်ဆုံး ၂ဂိုးပြတ် ရလဒ်တွေနဲ့ အနိုင်ရခဲ့သလို အဲ့ဒီ ၆ပွဲစလုံးမှာလည်း ပေးဂိုး တဂိုးမှ မရှိပါဘူး။ တဖက်မှာတော့ ဖရန့်ဖတ်က နောက်ဆုံး ကစားခဲ့တဲ့ ၄ပွဲဆက် နိုင်ပွဲ ပျောက်ထားသလို အဝေးကွင်းခြေကပါ အားရစရာ မကောင်းပါဘူး။ ဒါကြောင့် အိမ်ရှင် နာပိုလီရဲ့ ဂိုးပြတ်နိုင်ပွဲကို ထပ်မံ မြင်တွေ့ရပါဦးမယ်။

ခန့်မှန်းရလဒ် – နာပိုလီ ၃-၀ ဖရန့်ဖတ်

Photo Credit: Goal

ရီးရဲလ်နဲ့ လီဗာပူး (ကြာသပတေး မနက် ၂နာရီခွဲ)

ဒီပွဲကတော့ ပရိသတ်တွေ မဖြစ်မနေ စောင့်ကြည့်သင့်တဲ့ ပွဲမျိုးပါ။ ပထမအကျော့မှာ ရီးရဲလ်မက်ဒရစ်က လီဗာပူးကို အန်ဖီးလ်ကွင်းထဲမှာ ၂-၅ ဆိုတဲ့ ရလဒ်နဲ့ အပြတ်အသတ် အနိုင်ရခဲ့ပေမယ့် စပိန်သားတွေ နောက်တဆင့်ဆီ တက်နိုင်ပြီလို့ အတပ် ပြောလို့ မရသေးပါဘူး။

ပထမအကျော့မှာ ၃ဂိုးပြတ် ရှုံးနိမ့်ထားတာကြောင့် ဒီပွဲမှာ ဧည့်သည် လီဗာပူးက အစွမ်းကုန် တိုက်စစ်ဖွင့် ကစားလာမှာ ဖြစ်ပြီး အိမ်ရှင် ရီးရဲလ်မက်ဒရစ်ကလည်း လီဗာပူးကို တောက်လျှောက် နိုင်ခဲ့တဲ့ ရလဒ်ကောင်းကို ဆက်ထိန်းနိုင်အောင် ကြိုးစားပါလိမ့်မယ်။ ဒါကြောင့် ဒီပွဲက ပထမအကျော့ပွဲထက် ပိုမို ကြည့်ကောင်းမယ့် ပွဲတပွဲ ဖြစ်မှာ အသေအချာပါပဲ။

လက်ရှိ ခြေစွမ်းပိုင်းအရ အိမ်ရှင် ရီးရဲလ်မက်ဒရစ်က ခြေစွမ်းပိုင်း အနည်းငယ် အသာစီး ရနေပေမယ့် လီဗာပူးက ပွဲကြီးတွေ ရောက်ရင် ရုန်းကစားတတ်တာကို မေ့လို့ မရပါဘူး။ ဒါပေမယ့် နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၇ကြိမ်စလုံးမှာ ရီးရဲလ်မက်ဒရစ်က လီဗာပူးကို တပွဲမှ မရှုံးထားတာကြောင့် ဒီပွဲမှာလည်း အိမ်ရှင် ရီးရဲလ်မက်ဒရစ်တို့ အနိုင်နဲ့ သရေပါပဲ။

ခန့်မှန်းရလဒ် – ရီးရဲလ်မက်ဒရစ် ၂-၁ လီဗာပူး