MySport Myanmar

ရီးရဲလ်နဲ့ ချယ်လ်ဆီး ၊ အေစီမီလန်နဲ့ နာပိုလီ ပွဲတွေ အတွက် ပွဲကြို ခန့်မှန်း သုံးသပ်ချက်

ကဲ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်တွေရဲ့ ဒုတိယမြောက်နေ့ကို ရောက်လာပြန်ပါပြီ။ ဒီနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲတွေက ပရိသတ်တွေကို ဖျော်ဖြေမှု အပြည့် ပေးနိုင်ခဲ့သလို ဒီညမှာ ကစားမယ့် ရီးရဲလ်မက်ဒရစ်နဲ့ ချယ်လ်ဆီးပွဲ ၊ အေစီမီလန်နဲ့ နာပိုလီ ပွဲတွေကလည်း ပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားဦးမှာ အသေအချာပါပဲ။ ကျွန်တော်တို့ရဲ့ ခန့်မှန်း သုံးသပ်မှုလေးတွေကို စတင် လိုက်ရအောင်ဗျာ…။

Photo Credit: UEFA

ရီးရဲလ်နဲ့ ချယ်လ်ဆီး (ကြာသပတေးနေ့ မနက် ၁နာရီခွဲ)

ဒီပွဲကတော့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ဖမ်းစားမယ့် ပွဲပါပဲ။ ချယ်လ်ဆီးက လမ်းပတ်ကို နည်းပြသစ် အဖြစ် ခန့်ထားပေမယ့် လမ်းပတ်ရဲ့ အဖွင့်ပွဲကတော့ မလှပခဲ့ပါဘူး။ ဒါကြောင့် ဒီညမှာ ကစားရမယ့် ရီးရဲလ်မက်ဒရစ်နဲ့ ပွဲမှာလည်း ချယ်လ်ဆီးတို့ ရုန်းကန်ရပါဦးမယ်။

အန်ဆလော့တီရဲ့ ရီးရဲလ်ကတော့ လာလီဂါပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ မလွယ်တော့တာကြောင့် ဖလားပြိုင်ပွဲတွေကို အာရုံစိုက် ယှဉ်ပြိုင်နေသလို နောက်ဆုံး ကစားခဲ့တဲ့ ကိုပါဒယ်ရေး ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာလည်း ခါးသီးပြိုင်ဘက် ဘာစီလိုနာကို ၀-၄ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရခဲ့တာကြောင့် သူတို့ရဲ့ ယုံကြည်မှုက မြင့်တက်နေမှာ သေချာပါတယ်။ ဒါကြောင့် ဒီနေ့ညမှာလည်း ရီးရဲလ်မက်ဒရစ်က ချယ်လ်ဆီးကို ပွဲစတယ် ဆိုတာနဲ့ နိုင်ပွဲရအောင် ကြိုးစား ကစားပါလိမ့်မယ်။

ရီးရဲလ်က နောက်ဆုံး ကစားခဲ့တဲ့ အိမ်ကွင်း ၅ပွဲမှာ ၃ပွဲနိုင် ၂ပွဲရှုံး ဆိုတဲ့ ရလဒ်ကို ပိုင်ဆိုင်ထားပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲ ရောက်ရင် သူတို့ရဲ့ ခြေစွမ်းတွေက တဟုန်ထိုး တက်လာတာကို လီဗာပူးနဲ့ ပွဲမှာ မြင်တွေ့ခဲ့ရပါတယ်။ ချယ်လ်ဆီးကလည်း ချန်ပီယံလိဂ်ပြိုင်ပွဲ ရောက်ရင် ခြေစွမ်းကောင်းတွေ ရတတ်ပေမယ့် ဒီတကြိမ်မှာတော့ ရီးရဲလ်မက်ဒရစ်ကပဲ အောင်ပွဲခံနိုင်လိမ့်မယ်လို့ ထင်ပါတယ်။

ခန့်မှန်းရလဒ် – ရီးရဲလ် ၂-၀ ချယ်လ်ဆီး

Photo Credit:  The Analyst

အေစီမီလန်နဲ့ နာပိုလီ (ကြာသပတေးနေ့ မနက် ၁နာရီခွဲ)

အေစီမီလန်က နာပိုလီနဲ့ နောက်ဆုံး တွေ့ခဲ့တဲ့ ပွဲမှာ နာပိုလီကို အဝေးကွင်းမှာတောင် ၀-၄ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်နိုင်ခဲ့တာပါ။ ဒါကြောင့် ဒီပွဲမှာလည်း အိမ်ရှင် ပရိသတ်အားနဲ့ နာပိုလီကို အနိုင်ရအောင် ကြိုးစားလာမှာ အသေအချာပါပဲ။

နာပိုလီကတော့ အဓိက တိုက်စစ်မှူး အိုဆီမန်ကို ဆုံးရှုံးခဲ့ရပြီးနောက် တိုက်စစ်ပိုင်း အားနည်းချက်တွေ ရှိနေပါတယ်။ ဒါပေမယ့် နာပိုလီရဲ့ ကစားသမား အင်အားက အေစီမီလန်ထက် တောင့်တင်းတာကြောင့် ဒီပွဲမှာလည်း နာပိုလီက အေစီမီလန်ကို ဖိကစားဖို့ ကြိုးစားလာမှာပါ။

အေစီမီလန်က နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၆ပွဲမှာ နာပိုလီကို အနိုင်ရခဲ့တဲ့ပွဲ ၁ပွဲထဲသာ အနိုင်ရထားပြီး ၃ပွဲ သရေကျကာ ၂ပွဲ ရှုံးထားပါတယ်။ တဖက်မှာတော့ နာပိုလီက နောက်ဆုံး ကစားခဲ့တဲ့ ၁၀ပွဲမှာ ၈ပွဲနိုင် ၂ပွဲရှုံး ဆိုတဲ့ ရလဒ်ကို ပိုင်ဆိုင်ထားပြီး ရှုံးထားတဲ့ ၂ပွဲကလည်း အိမ်ကွင်းမှာ ရှုံးထားတာပါ။ ဒါကြောင့် နာပိုလီရဲ့ အဝေးကွင်းခြေက ယုံကြည်လို့ ရတဲ့ အထဲ ပါပါတယ်။ ဒါပေမယ့် အေစီမီလန်က အိမ်ကွင်းမှာ မရှုံးနိမ့်အောင် ဦးစားပေး ကစားလာမှာ ဖြစ်တာကြောင့် ဒီပွဲက သရေရလဒ်မျိုးပဲ ထွက်လာမယ်လို့ ထင်ပါတယ်။

ခန့်မှန်းရလဒ် – အေစီမီလန် ၁-၁ နာပိုလီ

Exit mobile version