ဒီနေ့ညကတော့ မန်ချက်စတာဒါဘီပွဲစဉ်အတူ နောက်ထပ်စိတ်လှုပ်ရှား ရင်ခုန်စရာကောင်းတဲ့ မြို့ခံဒါဘီပွဲကောင်းတစ်ပွဲကလည်း ရှိလို့နေပါသေးတယ်။ ဒီပွဲကတော့ မက်ဒရစ်ဒါဘီပွဲစဉ်ပါ။ ဖိအားတွေအောက်ကနေ ပြန်လည်ရုန်းထွက်လာနိုင်ခါစ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လတ်တလောမှာ လာလီဂါအမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာကနေ မင်းမူလို့နေတဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းတို့ရဲ့ မက်ဒရစ်ဒါဘီကလည်း ဘောလုံးချစ်ပရိသတ်တွေအတွက်တော့ စွဲဆောင်မှုရှိနေမှာ သေချာပါတယ်။

Photo Credit : BBC

လာလီဂါရဲ့ လက်ရှိချန်ပီယံဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ ရလဒ်တွေ မတည်မငြိမ် ဖြစ်လို့နေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း အုပ်စုနောက်ဆုံးပွဲစဉ်အထိကို အကြိတ်အနယ်ကစားပြီးမှ နောက်တစ်ဆင့်ကို တတ်လှမ်းခွင့်ရခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် လာလီဂါဘက်မှာလည်း ကာဒစ် အလာဗက်စ်တို့လို အသင်းတွေကို အိမ်ကွင်းတွေမှာ အရေးနိမ့်ထားခဲ့ရပြီး မဟာပြိုင်ဘက် ဘာစီလိုနာရဲ့ ကျဆုံးနေမှုကိုလည်း အခွင့်ကောင်းယူနိုင်ခြင်း မရှိသေးတာကြောင့် ဇီဒန်းရဲ့အနာဂတ်ဟာလည်း လှုပ်ခတ်လာခဲ့ရပါတယ်။ ဒါပေမယ့် ဒီလိုအခြေအနေတွေ ကြုံတွေ့ခဲ့ပြီးမှ လာလီဂါမှာ ဆီဗီလာကို အနိုင်ရခဲ့သလို ချန်ပီယံလိဂ်မှာလည်း မိုချန်ကို အနိုင်ယူပြီး နောက်တစ်ဆင့်ကို တတ်လှမ်းထားခဲ့တာကြောင့် ဖိအားဒဏ်တွေကနေ အနည်းငယ်သက်သာနေမှာတော့ သေချာပါတယ်။

Photo Credit : Sky Sports

အသက်လက်တီကိုအသင်းကတော့ ချန်ပီယံလိဂ်မှာ လိုအပ်တဲ့နိုင်ပွဲတွေ မရယူနိုင်ခဲ့လို့ အုပ်စုနောက်ဆုံးပွဲစဉ်အထိ နောက်တစ်ဆင့်တတ်ရေးအတွက် အကြိတ်အနယ် ကစားခဲ့ရပေမယ့် လာလီဂါဘက်မှာတော့ ရလဒ်တွေ ဆက်တိုက်ကောင်းမွန်လို့နေပါတယ်။ အသက်လက်တီကိုအသင်းအနေနဲ့ကတော့ ဘာစီလိုနာရော ရီးရဲလ်မက်ဒရစ်ပါ အရင်လို ပုံစံမျိုး ပြန်မရနိုင်သေးတဲ့ အချိန်မျိုးမှာလည်း သူတို့အသင်းအနေနဲ့ လာလီဂါကိုပဲ ပိုမိုအာရုံစိုက်ပြီး အမှတ်ပေးဆုဖလားကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ ပစ်မှတ်ထားနေခဲ့တာဖြစ်ပါတယ်။

Photo Credit : BBC

နှစ်သင်းလုံးကတော့ ကြားရက်တွေမှာ ချန်ပီယံလိဂ်ပွဲစဉ်တွေ အသီးသီးကစားထားရပြီး နှစ်သင်းလုံးကလည်း နောက်တစ်ဆင့်တတ်ရေးအတွက် ရေကုန်ရေခမ်း ကစားခဲ့ရတာခြင်းလည်း တူညီနေပါတယ်။ ရီးရဲလ်ဘက်မှာတော့ ဟာဇက် အိုဒီဂတ် ဂျိုဗစ်နဲ့ မာရီယာနိုတို့ ဒဏ်ရာရရှိနေပြီး အသက်လက်တီကိုဘက်မှာတော့ ကော်စတာ ယီမီနက်ဇ်တို့ ဒဏ်ရာရရှိလို့နေပါတယ်။ ရီးရဲလ်က ဒီရာသီ လာလီဂါအိမ်ကွင်း(၄)ပွဲမှာ သရေပွဲမရှိပဲ နိုင်ပွဲ(၂)ပွဲနဲ့ သရေပွဲ(၂)ပွဲ ရထားခဲ့ကာ အသက်လက်တီကိုကတော့ ဒီရာသီရဲ့ လာလီဂါအဝေးကွင်းမှာ ရှံးပွဲမရှိပဲ နိုင်ပွဲ(၃)ပွဲ သရေပွဲ(၁)ပွဲ ရထားခဲ့ပါတယ်။ ဒီနှစ်သင်း လာလီဂါမှာ ဆုံတွေ့လေတိုင်း ဂိုးတွေနည်းပါးစွာ သွင်းယူလေ့ရှိပြီး လက်ရှိနှစ်သင်းလုံးရဲ့ အနေအထားတွေ ပွဲပန်းမှုတွေအရ ထိန်းကစားကြဖွယ်သာရှိလို့ သရေဘက်ကို ဦးတည်နိုင်လိမ့်မယ်လို့ ယူဆမိပါတယ်။