စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြင်သစ် အင်အားကြီး ကလပ် ပီအက်စ်ဂျီအသင်းရဲ့ လူငယ် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေကို ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ အတွက် နှုတ်အားဖြင့် သဘောတူညီမှု ရရှိခဲ့ကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ယူရို ၁ဘီလီယံကျော် အသုံးပြုကာ အသင်းရဲ့ အိမ်ကွင်း ဘာနေဗျူးကို အဆင့်မြှင့်တင်ပြီးနောက် ယခုနှစ် ဘောလုံးရာသီ အကုန်မှ စတင်ကာ အသင်းကို သွေးသစ်လောင်းမှုတွေ ပြုလုပ်ဖို့ စီစဉ်ထားပြီး ပီအက်စ်ဂျီအသင်းနဲ့ အတူ တောက်ပနေတဲ့ အမ်ဘာပေကို သူတို့အသင်းရဲ့ အနာဂတ် အဖြစ် ရှုမြင်ထားပါတယ်။

Photo Credit: Marca

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး အမ်ဘာပေဟာ ငယ်စဉ်ထဲက ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အမာခံ ပရိသတ်တဦး ဖြစ်ခဲ့ပြီး သူ့ရဲ့ စံပြပုဂ္ဂိုလ် ခရစ္စတီယာနို ရိုနယ်ဒိုလို ရီးရဲလ် မက်ဒရစ်အသင်းရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်လာအောင် ကြိုးစားဖို့ အိမ်မက်ရှိထားသူလည်း ဖြစ်ပါတယ်။

ဒါကြောင့်ပဲ ရီးရဲလ်မက်ဒရစ်အသင်းဟာ အမ်ဘာပေကို ခေါ်ယူဖို့ အတွက် ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့ထဲက ကြိုးစားခဲ့တာ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ် အသင်းက ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ အမ်ဘာပေကို ပြောင်းရွှေ့ကြေး ယူရို ၁၅၀သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့် ပီအက်စ်ဂျီအသင်း ကတော့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ကမ်းလှမ်းမှုကို ချက်ချင်းဆိုသလို ပယ်ချခဲ့ပါတယ်။

Photo Credit: Marca

စပိန်အခြေစိုက် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ El Nacional သတင်းဌာန ကတော့ ရီးရဲလ်မက်ဒရစ် အသင်းဟာ အမ်ဘာပေကို ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ မခေါ်ယူနိုင်ခဲ့ပေမယ့် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အမ်ဘာပေကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ အတွက် နှုတ်အားဖြင့် သဘောတူညီမှု ရရှိထားကြောင်း ယနေ့မနက်ပိုင်းမှာပဲ အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းနဲ့ နီးစပ်သူတွေကလည်း အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ် အသင်းမှာ ကျောနံပါတ်၇ကို ဝတ်ဆင်သွားဖို့ ရှိနေကာ ဘန်ဇီမာ ၊ ဗင်နီးစီးယပ်စ်တို့နဲ့ တွဲဖက်ပြီး ရီးရဲလ်မက်ဒရစ် အသင်းရဲ့ တိုက်စစ်ပိုင်းကို ဦးဆောင်ခွင့် ရမယ့် အခွင့်အရေး အတွက် စိတ်လှုပ်ရှားနေကြောင်း အတည်ပြု ဖွင့်ဟ ပြောပြထားကြပါတယ်။