ရီးရဲလ်မက်ဒရစ်အသင်းဟာ လာမယ့်ဘောလုံးရာသီမှာ အသင်းရဲ့ တိုက်စစ်ကို မြင့်တင့်နိုင်ဖို့အတွက် ပီအက်စ်ဂျီအသင်းရဲ့ လူငယ်တိုက်စစ်မှူးလေး ကီလီယန်အမ်ဘာပေကို ခေါ်ယူဖို့ ပြင်ဆင်ထားခဲ့ရာ အဆင်ပြေခါနီးလောက်မှာပဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါက တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ စတင်ဖြစ်ပွားလာခဲ့ပြီး ဘောလုံးအသင်းတိုင်းလည်း စီးပွားရေးကျဆင်းလာခဲ့ကာ ရီးရဲလ်အသင်းအနေနဲ့လည်း ဘာပေကို ခေါ်ယူဖို့ ပိုမိုခက်ခဲလာရတာကြောင့် လက်ရှိမှာတော့ ဘာပေထက် လီဗာပူးလ်တိုက်စစ်ကစားသမား မာနေးကိုသာ ဦးစားပေးပစ်မှတ်ထားဖွယ် ရှိလို့နေပါတယ်။

Photo Credit : Getty Image

ရီးရဲလ်မက်ဒရစ်အသင်းဟာ အသက်(၂၈)နှစ်အရွှယ်ရှိ ဆီနီဂေါလက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဆာဒီယိုမာနေးကို ယခင်ကတည်းက ပစ်မှတ်ထားခဲ့တာဖြစ်ပြီး မနှစ်က ဘောလုံးရာသီမှာလည်း ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့သေးကာ ခေါ်ယူဖို့တော့ အထမမြောက်ခဲ့ပါဘူး။ ဒါပေမယ့် လတ်တလော ထွက်ပေါ်နေတဲ့ သတင်းများအရ မာနေးကိုယ်တိုင် လီဗာပူးလ်မှာ မပျော်ရွှင်တော့ပဲ နည်းပြကလော့က သူ့ထက် ဗန်ဒိုက်ကို ဘလွန်းဒီအောဆုရအောင် ပိုမိုအသားပေးနေတာကြောင့် ကလော့ရဲ့ အစီအစဉ်တွေကို စိတ်ပျက်လို့နေပြီး အနာဂတ်မရေမရာ ဖြစ်နေတဲ့အတွက် ဒီတစ်ကြိမ် မာနေးကို ရီးရဲလ်တို့ ချဉ်းကပ်မှုက အလားအလာကောင်းနိုင်ပါတယ်။

Photo Credit : Getty Image

ရီးရဲလ်အသင်းအနေနဲ့ ဘာပေကို ဦးစားပေးခေါ်ယူချင်ပေမယ့်လည်း လာမယ့် ၂၀၂၁ခုနှစ်လောက်မှသာ ခေါ်ယူဖွယ်ရှိနိုင်ပြီး ဘာပေကိုမခေါ်ယူခင် အသင်းရဲ့ တိုက်စစ်ပိုင်းအားကောင်းနေစေဖို့အတွက် မာနေးကို ခေါ်ယူထားချင်တာဖြစ်ပါတယ်။ လီဗာပူးလ်ကတော့ သူတို့အသင်းရဲ့ အဓိက တိုက်စစ်ကစားသမားဖြစ်သူ မာနေးကို အသင်းကနေ လုံးဝမစွန့်လွှတ်သွားချင်ပဲ အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းထားချင်ပေမယ့် မာနေးကိုယ်တိုင်က အသင်းပြောင်းဖို့ကိုပဲ ဆုံးဖြတ်ချက်ချသွားခဲ့မယ်ဆိုရင်တော့ သူ့နေရာမှာ အစားထိုးဖို့အတွက် လိုက်ပ်ဇစ်အသင်းရဲ့ ဂျာမန်လက်ရွေးစင် တိုက်စစ်ကစားသမား တီမိုဝါနာကို ပစ်မှတ်ထားလို့နေပါတယ်။ မာနေးအနေနဲ့ကတော့ လီဗာပူးလ်အသင်းမှာ ရှိနေရတာက သူ့အတွက် အစစအရာရာ အဆင်ပြေနေသေးတယ်ဆိုပေမယ့်လည်း ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ပိုင်ဆိုင်နိုင်ဖို့အတွက်နဲ့ အသင်းလိုက်အောင်မြင်မှုတွေကို ရယူနိုင်ဖို့အတွက် ရီးရဲလ်လို ကြယ်စင်စုတွေနဲ့ ဖွဲ့စည်းထားတဲ့ ကလပ်အသင်းဆီကို ပြောင်းရွှေ့ဖို့လိုနေပြီး ရီးရဲလ်က မာနေးကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေးကို ပေါင်(၁၃၁)သန်း သုံးစွဲရဖွယ်ရှိနေပါတယ်။