MySport Myanmar

တတိယမြောက် ကစားသမားသစ်တစ်ဦးကို ခေါ်ယူလိုက်ပြန်တဲ့ ရီးယဲလ်မက်ဒရစ်

နွေရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်း ကစားသမားသစ်နှစ်ဦး ခေါ်ယူအားဖြည့်ထားခဲ့တဲ့ ရီးယဲလ်မက်ဒရစ်အသင်းဟာ အခုဆိုရင်လည်း နောက်ထပ် ကစားသမားသစ်တစ်ဦးကို ထပ်မံခေါ်ယူလိုက်ပြန်ပြီ ဖြစ်ပါတယ်။ ဒီကစားသမားကတော့ စပိန်ကလပ် ဒီပို့တီဗီုအသင်းရဲ့ လူငယ်တိုက်စစ်ကစားသမားလေး နိုရယ်လိုပက်ဇ်ဖြစ်ပြီး ရီးယဲလ်အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : The Hard Tackle

ဥရောပချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်းဟာ အခုနှစ် နွေဈေးကွက်ထဲမှာ ချယ်လ်ဆီးနောက်ခံလူ ရူဒီဂါနဲ့ မိုနာကိုကွင်းလယ်လူ ချူအာမန်နီတို့ကို ခေါ်ယူထားနိုင်ခဲ့ပြီ ဖြစ်ပေမယ့် တတိယမြောက် ကစားသမားသစ်အဖြစ် ဆယ်ကျော်သက် လူငယ်တိုက်စစ်ကစားသမားလေး နိုရယ်လိုပက်ဇ်ကိုလည်း ထပ်မံခေါ်ယူထားခဲ့ပါတယ်။ ဒီအပြောင်းအရွှေ့ကို ဒီပို့တီဗိုအသင်းဘက်ကနေ တရားဝင် အတည်ပြုသွားခဲ့ပြီး ရီးယဲလ်အသင်းကတော့ ထုတ်ပြန်ထားခြင်း မရှိပေမယ့် လိုပက်ဇ်လေးကို ရီးယဲလ်အရန်အသင်းမှာသာ စတင်အသုံးပြုသွားဖွယ် ရှိနေပါတယ်။

Photo Credit : Youtube

အသက်(၁၉)နှစ်အရွယ်ရှိ ဆယ်ကျော်သက် စပိန်ကစားသမားလေး လိုပက်ဇ်ဟာ ဒီပို့တီဗို လူငယ်အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲ့ အရည်အသွေးမြင့် ကစားသမားလေးဖြစ်ပြီး မနှစ်က ဘောလုံးရာသီမှာ စီနီယာအသင်းအတွက် စတင်ကစားခဲ့ရကာ (၂၈)ပွဲအတွင်း (၁၀)ပွဲထိ ပွဲထွက်ကစားခဲ့သလို (၄)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒီပို့တီဗိုအသင်းဟာ သူတို့ရဲ့ ငယ်မွေးခြံပေါက် ကစားသမားလေး လိုပက်ဇ်ကို စာချုပ်သစ်ချုပ်ဆိုဖို့အတွက် ကြိုးပမ်းခဲ့ပေမယ့်လည်း သဘောတူညီမှု မရရှိခဲ့ပဲ ဒီအခြေအနေကို စောင့်ကြည့်နေတဲ့ ရီးယဲလ်က ကစားသမားလေးကို အရခေါ်ယူနိုင်ဖို့ အသေအချာ ကြိုးပမ်းလာခဲ့တာ ဖြစ်ပါတယ်။ အခုလို လိုပက်ဇ်ကို ပြောင်းရွှေ့ကြေး မပါဝင်ပဲ free transfer နဲ့ ခေါ်ယူနိုင်ခဲ့တဲ့ ရီးယဲလ်အသင်းဟာ အသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ လူကာယိုဗစ် မာရီယာနိုဒီယက်ဇ်နဲ့ ဘရိုဟာမာယိုရယ်တို့ကို ဒီဈေးကွက်ထဲမှာပဲ လက်လွတ်ရဖွယ် ရှိနေပြီး တိုက်စစ်မှာလည်း အထောင်တိုက်စစ်အဖြစ် ဘန်ဇီမာတစ်ဦးတည်းသာ ကျန်ရှိနိုင်တော့တာဖြစ်လို့ လိုပက်ဇ်ကို အရန်အသင်းအပြင် စီနီယာအသင်းမှာပါ ထည့်သွင်းအသုံးပြုလာနိုင်ဖွယ် ရှိနေပါတယ်။

Exit mobile version