ကိုရိုနာဗိုင်းရပ်စ်ပြသာနာတွေ စတင်မဖြစ်ပွားခင်တုန်းက ရီးရဲလ်မက်ဒရစ်အသင်းဟာ သူတို့ရဲ့ အဓိကပစ်မှတ်ဖြစ်နေတဲ့ ပီအက်စ်ဂျီလူငယ်တိုက်စစ်မှူးလေး ကီလီယန်အမ်ဘာပေကို ခေါ်ယူဖို့အတွက် အခြေအနေကောင်းခဲ့ပေမယ့်လည်း ကိုဗစ်ဂယက်ကြောင့် စီးပွားရေးတွေ ကျဆင်းလာချိန်မှာတော့ ဘာပေကို ခေါ်ယူဖို့အရေးက ပြန်လည်ခက်ခဲသွားခဲ့သလို နောက်ထပ်တစ်နှစ်လောက်အထိ စောင့်ဆိုင်းပြီးမှ ခေါ်ယူနိုင်ဖွယ်ရှိနေတာကြောင့် ကမ်းလှမ်းမှုကို ပုံစံတစ်မျိုးပြောင်းပြီး ကမ်းလှမ်းလာနိုင်ဖွယ်ရှိနေတယ်လို့ သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့တာဖြစ်ပါတယ်။

Photo Credit : The Sun

ရီးရဲလ်အသင်းဟာ ဒီပြင်သစ်တိုက်စစ်မှူးလေး ပိုင်ဆိုင်နိုင်ဖို့ ဒီရာသီကမှ ချယ်လ်ဆီးကနေ အသင်းကို ရောက်ရှိလာခဲ့တဲ့ ဘယ်ဂျီယံလက်ရွေးစင် ကြယ်ပွင့်ကစားသမား အီဒင်ဟာဇက်နဲ့ပါ အလဲအထပ်ပြုလုပ်သွားမယ့် အံ့အားသင့်စရာကမ်းလှမ်းမှုနဲ့ ပီအက်စ်ဂျီအသင်းဘက်ကို ကမ်းလှမ်းလာနိုင်တယ်လို့ The Sun သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။ ဟာဇက်ဟာ ရီးရဲလ်အသင်းဆီကို ပြောင်းရွှေ့ကြေး ယူရို(၁၄၆)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပေမယ့် အသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရပြီဒး ဒဏ်ရာပြသာနာတွေနဲ့ အလူးအလဲရင်ဆိုင်နေရပါတယ်။

Photo Credit : The Sun

ဟာဇက်က ဒီရာသီမှာ ရီးရဲလ်အတွက် ပြိုင်ပွဲစုံ(၁၅)ပွဲသာ ပါဝင်ကစားထားရပြီး သွင်းဂိုး(၁)ဂိုးပဲ ရယူထားနိုင်သလို ဂိုးဖန်တီးမှုတော့ (၅)ကြိမ်ပြုလုပ်လို့ထားပါတယ်။ ချယ်လ်ဆီးကနေ ရီးရဲလ်ရောက်ရောက်ချင်းမှာပဲ ကိုယ်အလေးချိန် အရမ်းများနေလို့ ပရိသတ်တွေရဲ့ ဝေဖန်ပြစ်တင်မှုကို ခံခဲ့ရသေးတဲ့ ဟာဇက်ဟာ သူရဲ့ ရီးရဲလ်ကစားသမားဘဝအစက ထင်သလောက် ချောမွေ့ခြင်းမရှိတဲ့အပြင် အခုလည်း ဘာပေကို ခေါ်ယူရာမှာ အသုံးချခံရဖွယ်ရှိနေတယ်ဆိုပြီး သတင်းပါ ထွက်လာခဲ့ပါတယ်။ ဘာပေကတော့ လက်ရှိအခြေအနေတွေကြောင့် သူရဲ့ ပီအက်စ်ဂျီအသင်းမှာ နောက်ထပ်တစ်ရာသီလောက် ဆက်လက်ရှိနေဖို့က အခြေအနေအရမ်းများနေပြီး အသင်းကို ချန်ပီယံလိဂ်မှာ အောင်မြင်မှုယူပေးပြီးမှ အသင်းကနေ ထွက်ခွာဖွယ်ရှိနေပါတယ်။ လက်ရှိမှာ ဘာပေရဲ့ တန်ဖိုးကလည်း အနည်းငယ်လျော့ကျသွားတယ်ဆိုပေမယ့် ဘောလုံးပွဲတွေသာ အားလုံးပြန်လည်စတင်ရမယ်ဆိုရင် ကစားသမားတွေရဲ့ တန်ဖိုးတွေပါ ပြန်လည်မြင့်တတ်သွားမှာဖြစ်သလို ဘာပေအတွက်ကိုလည်း ပေါင်သန်းနှစ်ရာလောက် အနည်းဆုံးအသုံးပြုရဖွယ်ရှိနိုင်ပါတယ်။