ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီနှစ်ဘောလုံးရာသီမှှာ ဆာဘီးယားလူငယ်တိုက်စစ်မှူးလေး လူကာဂျိုဗစ်ကို ဖရန့်ဖတ်အသင်းကနေ ယူရိုသန်း(၆၀)နဲ့ ခေါ်ယူဖြစ်ခဲ့ပြီး အသင်းရဲ့တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းခဲ့သလို သူတို့ရဲ့ ကာလရှည်ပစ်မှတ်ဖြစ်တဲ့ အီဒင်ဟာဇက်ကိုပါ ချယ်လ်ဆီးကနေ ခေါ်ယူနိုင်ခဲ့လို့ ရီးရဲလ်အသင်းကို ဒီရာသီမှာ ကြီးကြီးမားမားတွေ လုပ်ပြနိုင်လိမ့်မယ်လို့ အားလုံးက မှန်းဆထားခဲ့ကြပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ ဟာဇက်က ဒဏ်ရာနဲ့ လုံးပန်းလို့နေရတဲ့အပြင် ဂျိုဗစ်ကလည်း အသင်းနဲ့ အံ့ဝင်အောင်မကစားနိုင်သေးလို့ ဘန်ဇီမာတစ်ယောက်တည်းသာ အသင်းရဲ့တိုက်စစ်အတွက် အားထားနေခဲ့ရပါတယ်။

Photo Credit : Getty Image

ဒီလိုအခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ ရီးရဲလ်အသင်းဟာ လာမယ့်ဘောလုံးရာသီမှာ တိုက်စစ်ပိုင်းကို ပြန်လည်ပြင်ဆင်နိုင်ဖို့အတွက် လတ်တလော ကမ္ဘာ့ဘောလုံးဇာတ်ခုံပေါ်မှာ အရမ်းကို လျှမ်းလျှမ်းတောက်ဖြစ်လို့နေတဲ့ ဒေါ့မွန်တိုက်စစ်ကစားသမားလေး အာလင်းဟာလန်းကို အဓိကပစ်မှတ်ထားလို့နေပါတယ်။ နော်ဝေတိုက်စစ်မှူးလေး ဟာလန်းဟာ ပြီးခဲ့တဲ့ ဆောင်းရာသီစျေးကွက်မှာ ဆာလ်ဇ်ဘာ့ဂ်ကနေ ဒေါ့မွန်အသင်းဆီကို ရောက်ရှိလာခဲ့သူဖြစ်ပြီး ဒေါ့မွန်အသင်းမှာလည်း အရမ်းကို ခြေစွမ်းပြထားနိုင်ခဲ့ကာ (၁၁)ပွဲအတွင်း သွင်းဂိုး(၁၂)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

ဟာလန်းက ဒေါ့မွန်အသင်းမှာ ခြေစွမ်းပြသထားနိုင်ပေမယ့်လည်း ဘွန်ဒက်လီဂါမှာ ခြေစွမ်းပြပြီး ရီးရဲလ်အသင်းကို ရောက်ရှိလာခဲ့တဲ့ ဆာဘီးယားတိုက်စစ်မှူး လူကာဂျိုဗစ်ကတော့ မက်ဒရစ်မှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရကာ အသင်းနဲ့ အံ့ဝင်ခွင်ကျမဖြစ်နေတာကြောင့် အသင်းက သူ့ကိုရောင်းထုတ်ချင်နေပြီး အခုလည်း ဟာလန်းကို ကမ်းလှမ်းရမှာ ဂျိုဗစ်ကို အပြောင်းအရွှေ့ရဲ့ တစိတ်တပိုင်းအဖြစ် အလိုက်ပေးကမ်းလှမ်းဖွယ် ရှိနေပါတယ်။ ဂျိုဗစ်ဟာ ရီးရဲလ်အသင်းမှာ ပွဲပေါင်း(၂၄)ပွဲအထိ ပါဝင်ထားခဲ့ရပေမယ့် သွင်းဂိုး(၂)ဂိုးသာ သွင်းယူထားနိုင်ခဲ့တဲ့အထိ အသင်းအတွက် အကျိုးမပြုနိုင်သေးတာကြောင့် ဟာလန်းကို ကမ်းလှမ်းချက်ပြုလုပ်ချိန်မှာ အလိုက်ပေးဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ရီးရဲလ်ဟာ ပီအက်စ်ဂျီတိုက်စစ်မှူးလေး ဘာပေကို ခေါ်ယူနိုင်ဖို့ကတော့ လက်ရှိ ကမ္ဘာပေါ်မှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ၂၀၂၁ခုနှစ်မှသာ ခေါ်ယူနိုင်ဖွယ်ရှိနေပါတယ်။