ရီးယဲလ် မက်ဒရစ်အသင်းက လာမယ့်နွေမှာ အသင်းရဲ့ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းသွားဖို့အတွက် ရီးယဲလ် ဆိုစီဒက်အသင်းရဲ့ စပိန်ကွင်းလယ်ကစားသမား မာတင် ဇူဘီမန်ဒီကို စာချုပ်ဖျက်သိမ်းကြေး တန်ဖိုးအတိုင်းနဲ့ ခေါ်ယူသွားဖို့ ကြိုးပမ်းလျက် ရှိနေပြီလို့ စပိန်သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။
ရီးယဲလ်ဟာ အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ ကွင်းလယ်လူ တိုနီ ကရူးစ် ဘောလုံးသမားဘဝကနေ အနားယူသွားချိန် လက်ရှိအချိန်ထိ အသင်းကွင်းလယ်ပိုင်းမှာ အားနည်းချက်တွေ ရှိနေရပြီး အသင်းမှာ မိုဒရစ် ကာမာဗင်ဂါ ချူအာမန်နီနဲ့ ဗယ်လ်ဗာဒီတို့ ရှိနေပေမယ့် လိုအပ်ချက်ကတော့ ရှိနေပါသေးတယ်။
Photo Credit : ESPN
ဒါ့အပြင် မိုဒရစ်ကလည်း လာမယ့်နွေမှာပဲ အသင်းနဲ့ လက်တွဲဖြုတ်နိုင်ချေ ရှိနေတာကြောင့် ကွင်းလယ်ပိုင်းကို မဖြစ်မနေ အားဖြည့်သွားဖို့က လိုအပ်လာခဲ့ပြီး အစပိုင်းက မန်စီးတီး ကွင်းလယ်လူ ရိုဒရီကို ပစ်မှတ်ထားခဲ့ပေမယ့် ရိုဒရီက ACL ဒဏ်ရာဆိုးကြီး ရရှိသွားခဲ့တာကြောင့် ရိုဒရီအစား ရိုဒရီရဲ့ လက်ရွေးစင် အသင်းဖော် ဇူဘီမန်ဒီကိုသာ ချိန်ရွယ်လာခဲ့ပါတယ်။
အသက်(၂၆)နှစ်အရွယ် စပိန်ကွင်းလယ်ခံစစ်ကစားသမား ဇူဘီမန်ဒီဟာ ဆိုစီဒက်အသင်းအတွက် အရေးအပါဆုံး ကစားသမားတစ်ဦး ဖြစ်ပြီးတော့ အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် ကိုပါဒယ်ရေးဖလား ရရှိအောင် စွမ်းဆောင်ပေးထားသူ ဖြစ်ပါတယ်။ ဒါ့အပြင် စပိန်နဲ့လည်း ယူရိုချန်ပီယံနဲ့ နေးရှင်းစ်လိဂ်ချန်ပီယံ ဆုတွေကိုလည်း ဆွတ်ခူးထားပါသေးတယ်။
Photo Credit : Football Transfer
ကွင်းလယ်ပိုင်းမှာ စွမ်းဆောင်ရည်ကောင်းတွေကြောင့် ဇူဘီမန်ဒီကို အာဆင်နယ် လီဗာပူးလ် မန်စီးတီးတို့က စိတ်ဝင်စားလာကြသလို ရီးယဲလ်အသင်းကလည်း ခေါ်ယူချင်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ နွေတုန်းက ဇူဘီမန်ဒီဟာ လီဗာပူးလ်အသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့သလို ဆောင်းဈေးကွက်မှာလည်း အာဆင်နယ်နဲ့ အကြိုသဘောတူညီမှု ရထားလုနီးပါးပါ ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် ရီးယဲလ်က ဒီအခြေအနေကို ကြားဝင် လှုပ်ရှားသွားဖို့ စီစဉ်နေပြီး ဇူဘီမန်ဒီကိုလည်း အာဆင်နယ်ထက် လက်ဦးမှု ရရှိအောင် ကမ်းလှမ်းသွားဖို့ ရှိနေပါတယ်။ ဇူဘီမန်ဒီကိုယ်တိုင်ကတော့ အာတီတာ ကိုင်တွယ်နေတဲ့ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ချင်နေပေမယ့် ရီးယဲလ်သာ ဇာဘီ အလွန်ဆိုကို နည်းပြအဖြစ် ခန့်အပ်ခဲ့ရင် ဇူဘီမန်ဒီလည်း အာဆင်နယ်ထက် ရီးယဲလ်ကိုပဲ ရွေးချယ်နိုင်ဖွယ် ရှိနေပါတယ်။