အသင်းရဲ့ အဓိက တိုက်စစ်ကစားသမားဖြစ်တဲ့ ဗင်နီစီယပ်စ် ဂျူနီယာကို လာမယ့် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလလောက်အထိ လက်လွတ်ရတော့မယ့် ရီးယဲလ်မက်ဒရစ်အသင်းဟာ ဗင်နီစီယပ်စ် နေရာမှာ ရေတို အစားထိုးနိုင်မယ့် တိုုက်စစ်ကစားသမားတစ်ဦးကို ရှာဖွေလျက် ရှိနေပါတယ်။

လက်ရှိ ရီးယဲလ် ချိန်ရွယ်နေတဲ့ ကစားသမားတွေထဲမှာ ချယ်လ်ဆီး တိုက်စစ်မှူးဟောင်း တီမို ဝါနာလည်း ပါဝင်ခဲ့သလို အင်တာမီလန် နဲ့ ပီအက်စ်ဂျီတို့ရဲ့ ကစားသမားဟောင်း တိုက်စစ်မှူး အီကာဒီပါ ပါဝင်လာခဲ့ပါတယ်။

Photo Credit : T24

ဒီရာသီမှာ ရီးယဲလ်အသင်းအတွက် (၁၃)ပွဲကစား (၆)ဂိုးသွင်း (၄)ဂိုးဖန်တီးပြီး ဂိုးပါဝင် ပတ်သက်မှု (၁၀)ဂိုးအထိ လုပ်ဆောင်ထားနိုင်တဲ့ ဗင်နီစီယပ်စ်ရဲ့ ပေါင်ကြွက်သား စုတ်ပြဲမှု ဒဏ်ရာက ရီးယဲလ်အတွက် ထိုးနှက်ချက် ဖြစ်စေရလို့ သူ့နေရာမှာ ယာယီ အစားထိုးမှုတစ်ရပ် ပြုလုပ်ဖို့ ပြင်ဆင်လာခဲ့ပါတယ်။

ကနဦးပိုင်းမှာတော့ ရီးယဲလ်ဟာ လိုက်ပ်ဇစ်အသင်းရဲ့ ဂျာမနီ တိုက်စစ်ကစားသမား ဝါနာကို အငှားနဲ့ ခေါ်ယူမယ်လို့ သတင်းထွက်ပေါ်ခဲ့ပေမယ့် ဒီနောက်ပိုင်းမှာတော့ ရီးယဲလ်က အာဂျင်တီးနား တိုက်စစ်မှူး အီကာဒီကို ပိုမို မျက်စိကျလာခဲ့ရပါတယ်။

Photo Credit : TRT Spor

ဂါလာတာစာရေး တိုက်စစ်မှူး အီကာဒီဟာ လက်ရှိမှာ အသက် (၃၀)အရွယ်ကို ရောက်ရှိနေပြီ ဖြစ်ပေမယ့်လည်း ဒီနှစ် ဘောလုံးရာသီမှာတော့ ဂါလာတာစာရေးအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၂၀) ကစားထားပြီးချိန် သွင်းဂိုး (၁၅)ဂိုးအထိ သွင်းယူထားပြီး (၃)ဂိုး ဖန်တီးထားနိုင်ခဲ့ပါတယ်။

ဒီလို အသင်းအတွက် ဂိုးသွင်းအားကောင်းနေတဲ့ အီကာဒီကို ဂါလာတာစာရေးက ဒီနွေမှာပဲ ပီအက်စ်ဂျီကနေ အပြီးသတ် ခေါ်ယူထားခဲ့တာ ဖြစ်ပေမယ့်လည်း အခု ရီးယဲလ်အသင်းက သူ့ကို ပြောင်းရွှေ့ကြေး ယူရို (၁၅)သန်းဝန်းကျင်လောက်နဲ့ ခေါ်ယူဖွယ် ရှိနေတာကြောင့် အီကာဒီကို အဖြူရောင် ဂျာစီနဲ့ တွေ့မြင်ရတော့မလားဆိုတာ စောင့်ကြည့်သွားရပါမယ်။