MySport Myanmar

မိုဒရစ်နေရာမှာ အန်ဇို ဖာနန်ဒက်ဇ်နဲ့ အစားထိုးဖို့ ရီးယဲလ် ပစ်မှတ်ထား

လာလီဂါထိပ်သီး ရီးယဲလ် မက်ဒရစ်အသင်းဟာ အသင်းရဲ့ ဝါရင့် ကွင်းလယ်ကစားသမားကြီး လူကာ မိုဒရစ် ထွက်ခွာတော့မှာ ဖြစ်တာကြောင့် သူ့နေရာမှာ အစားထိုးဖို့အတွက် ချယ်လ်ဆီးအသင်းရဲ့ အာဂျင်တီးနား ကွင်းလယ်ကြယ်ပွင့် အန်ဇို ဖာနန်ဒက်ဇ်ကို ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

စပိန်ရေဒီယို Cadenaser ရဲ့ ဖော်ပြချက်အရ မက်ဒရစ်အသင်းဟာ ကွင်းလယ်အတွက် ရွေးချယ်စရာ ကစားသမားသစ်နှစ်ဦးကို ပစ်မှတ်ထားနေပြီး အဲ့ဒီကစားသမားတွေကတော့ အန်ဇို ဖာနန်ဒက်ဇ်နဲ့ သူ့ရဲ့အာဂျင်တီးနား လက်ရွေးစင် အသင်းဖော် လေဗာကူဆင်ကွင်းလယ်လူ အက်ဇီကီရယ် ပလာစီယို့စ်တို့ ဖြစ်ကြပါတယ်။ ဒီသတင်းတွေဟာ မိုဒရစ်အနေနဲ့ လာမယ့်နွေရာသီမှာ လော့စ်ဘလန်ကို့စ်ကနေ အပြီးတိုင် ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်မှာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

Photo Credit : Goal

မကြာသေးမီက မက်ဒရစ်အသင်းဟာ အန်ဇို ဖာနန်ဒက်ဇ်နဲ့ သတင်းတွေထွက်နေခဲ့ပေမယ့် ချယ်လ်ဆီးအသင်းကတော့ သူတို့ ၂၀၂၃ ခုနှစ်တုန်းက ဘင်ဖီကာအသင်းကနေ ပေါင်(၁၀၆.၈)သန်းနဲ့ ပေးချေပြီး ဝယ်ယူထားတဲ့ ဖာနန်ဒက်ဇ်အတွက် အဲ့ဒီပြောင်းရွှေ့ကြေးထက် ပိုမရရင် ရောင်းချဖို့ ဆန္ဒရှိမှာ မဟုတ်ပါဘူး။

ဒါပေမယ့်လည်း အသက်(၂၄)နှစ်အရွယ် ကွင်းလယ်ကစားသမား ကိုယ်တိုင်က ဆန်တီယာဂို ဘာနေဗျူးဆီကို ပြောင်းရွှေ့ချင်စိတ် ရှိနေတယ်ဆိုတဲ့ ဖွင့်ဟ ပြောကြားမှုတွေကြောင့် ဒီအပြောင်းအရွှေ့ ဖြစ်လာနိုင်ခြေနဲ့ ပတ်သက်တဲ့ ထင်ကြေးပေးမှုတွေကတော့ ပိုမိုမြင့်တက်လာခဲ့ပါတယ်။

Photo Credit : Goal

သတင်းတွေအရ မက်ဒရစ်အသင်းဟာ ချယ်လ်ဆီးအသင်း ဥရောပ ကွန်းဖရန့်စ်လိဂ် ဗိုလ်လုပွဲမှာ ရီးယဲလ် ဘက်တစ်ကို ရှုံးနိမ့်ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်သွားပါက အန်ဇို ဖာနန်ဒက်ဇ်အနေနဲ့ စတမ်းဖို့ဒ်ဘရစ်ချ်ကနေ ထွက်ခွာဖို့ ပိုမို လွယ်ကူလာနိုင်မှာဖြစ်လို့ ဒီအခြေအနေကို မျှော်လင့်နေတယ်လို့လည်း သိရပါတယ်။

ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ရာသီပိတ်ပွဲစဉ်အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်ပြိုင်ဘက် နော်တင်ဟမ် ဖောရက်စ်အသင်းကို တနင်္ဂနွေနေ့မှာ အဝေးကွင်း သွားရောက်ကစားရမှာဖြစ်ပြီး လက်ရှိမှာတော့ သူတို့က အဆင့်(၅)နေရာမှာ ရပ်တည်နေပြီး ဖောရက်စ်ကတော့ အဆင့်(၇)နေရာမှာ ရှိနေပါတယ်။ အဲ့ဒီနောက်မှာတော့ အန်ဇို ဖာနန်ဒက်ဇ်ရဲ့ အသင်းဟာ ဥရောပဖလားအောင်မြင်မှုအတွက် ဗုဒ္ဓဟူးနေ့မှာ ဘက်တစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

Exit mobile version