MySport Myanmar

ဘိုင်ယန်ကို ရှံးနိမ်ခဲ့တဲ့ ဘာစီလိုနာကို လှောင်ပြောင်လိုက်တဲ့ ရီးယဲလ်စတားနှစ်ဦး

မနေ့ညက ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်(၂)မှာ ဘိုင်ယန်မြူးနစ်အသင်းကို ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ အရေးနိမ့်ခဲ့ရတဲ့ ဘာစီလိုနာအသင်းကို မဟာပြိုင်ဘက် ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ကြယ်ပွင့်ကစားသမားနှစ်ဦးဖြစ်တဲ့ ကာရန်ဘန်ဇီမာနဲ့ ဗင်နီစီယပ်စ်ဂျူနီယာတို့က သူတို့ရဲ့ လူမှုကွန်ယက်ပေါ်ကနေ လှောင်ပြောင် သရော်မှုတွေ လုပ်ဆောင်သွားခဲ့ကြပါတယ်။

Photo Credit : The Sun

ဘာစီလိုနာအသင်းဟာ ဒီရာသီမှာ ခြေစွမ်းတွေ ရလဒ်ပိုင်းတွေ တောက်လျှောက် ကောင်းမွန်လျက် ရှိနေပြီး ချန်ပီယံလိဂ်မှာပါ သူတို့ရဲ့ ပြိုင်ဘက်ဟောင်း ဘိုင်ယန်နဲ့ ဆုံတွေ့ချိန်မှာလည်း ပထမပိုင်း ပွဲချိန်အတွင်း ကစားပုံ အလွန်ကောင်းခဲ့သလို ဂိုးသွင်းခွင့်တွေလည်း များစွာရရှိခဲ့ပါသေးတယ်။ ဒါပေမယ့် ဒုတိယပိုင်းအစလောက်မှာပဲ ဘိုင်ယန်က လူးကပ်စ်ဟာနန်ဒက်ဇ် လီရွိုင်းဆာနေးတို့ရဲ့ (၄)မိနစ်တာအတွင်း သွင်းယူခဲ့တဲ့ ဂိုးတွေနဲ့ ဘိုင်ယန်က အလိုင်းရန့်အရီနာမှာ ဘာစီလိုနာကို ထပ်မံ အနိုင်ယူခဲ့ပြီး အသင်းနှစ်သင်းကြား နောက်ဆုံး(၄)ကြိမ် ဆုံတွေ့မှုအားလုံးကို ပေါင်းလိုက်မယ်ဆိုရင် ဘိုင်ယန်က ပွဲတိုင်းအန်ိုင်ထားသလို (၁၆)ဂိုး (၂)ဂိုးထိ ဖြစ်နေရပါတယ်။

Photo Credit : The Sun

မနေ့ညက ရှုံးပွဲအပြီးမှာ ဘာစီလိုနာရဲ့ အခါးသီးဆုံး အယ်လ်ဂလက်စီကိုပြိုင်ဘက် ရီးယဲလ်အသင်း တိုက်စစ်ကစားသမားနှစ်ဦးဖြစ်သူ ဘန်ဇီမာနဲ့ ဗင်နီစီယပ်စ်တို့က သူတို့ရဲ့ အင်စတာဂရမ်တို့ကနေ လှောင်ပြောင်မှုတွေ လုပ်ဆောင်သွားခဲ့ပါတယ်။ လက်ရှိမှာ ပေါင်ဒဏ်ရာကြောင့် အနားယူနေရတဲ့ တိုက်စစ်ကစားသမားကြီး ဘန်ဇီမာက မနှစ်က ပိုင်ဆိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ဖလား ကိုင်မြှောက်ထားတဲ့ သူရဲ့ ဓါတ်ပုံမှာ “Good night” ဆိုတဲ့ စာသာလေး ရေးသားထားတာကို သူရဲ့ အင်စတာဂရမ်မှာ တင်ထားခဲ့ပြီး ဘာစီလိုနာအသင်းကို လှောင်ပြောင်ခဲ့ပါတယ်။ ဒါ့အပြင် ဘန်ဇီမာရဲ့ အသင်းဖော် ဘရာဇီးလ် တိုက်စစ်ကစားသမားလေး ဗင်နီစီယပ်စ်က ဘာစီလိုနာရဲ့ ရှုံးပွဲအပြီးမှာ လေ့ကျင့်ခန်းဆင်းနေစဉ်အတွင်း သူရဲ့ရီးယဲလ်အသင်းဖော်တွေနဲ့ ဟက်ဟက်ပက်ပက် ရယ်မောနေတဲ့ ဓါတ်ပုံကို တင်သွားခဲ့ပါသေးတယ်။ ဒါ့အပြင် ချယ်လ်ဆီးအသင်းရဲ့ နောက်ခံကစားသမားကြီး သီယာဂိုဆေးလ်ဗားကလည်း ဆာနေးရဲ့ ဒုတိယဂိုးကို ခွင့်ပြုလိုက်ရချိန် ဆာနေးကို အမီမလိုက်နိုင်ခဲ့တဲ့ နောက်ခံလူ ခွန်ဒဲကို “ဒီကောင် ငါတို့အသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့သေးတယ်” လို့ နောက်ပြောင်သွားခဲ့ပါသေးတယ်။

Exit mobile version