ခရစ္စတီယာနိုရော်နယ်ဒိုမရှိတော့တဲ့အချိန် ဂါရတ်ဘေးလ် ဂျိမ်းစ်ရိုဒရီဂွက်ဇ်တို့ရဲ့ခြေစွမ်းတွေလည်း ကျဆင်းလာတဲ့အချိန် အီဒင်ဟာဇက်လို ကစားသမားသစ်ကလည်း အသင်းနဲ့ အံ့မဝင်နိုင်သေးတဲ့အချိန် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ သွင်းဂိုးတာဝန်တွေကို တစ်ဦးတည်းထမ်းဆောင်ပေးနေခဲ့တဲ့ တိုက်စစ်မှူးကြီး ကာရန်ဘန်ဇီမာက လက်ဝှေ့အားကစား နှစ်သက်မြတ်နိုးသူဖြစ်လို့ ဘောလုံးသမားဘဝ အဆုံးသတ်သွားချိန် လက်ဝှေ့သမားတစ်ယောက်အဖြစ်နဲ့ပါ ကြိုးဝိုင်းပေါ်တတ်လာနိုင်တယ်လို့ ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။

Photo Credit : Marca

အသက်(၃၂)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင်ဟောင်း တိုက်စစ်မှူးကြီးဘန်ဇီမာဟာ ဒီနှစ်ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းကို စပိန်လာလီဂါဆုဖလားကြီး ပြန်လည်ပိုင်ဆိုင်နိုင်ဖို့အတွက် အဓိကနေရာကနေ စွမ်းဆောင်ပေးခဲ့သူဖြစ်ပြီး တစ်ရာသီအတွင်းမှာ ပြိုင်ပွဲစုံသွင်းဂိုး(၂၆)ဂိုးအထိကို သွင်းယူနိုင်ခဲ့ကာ (၁၁)ဂိုးအထိ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အသင်းရဲ့တိုက်စစ်ပိုင်းမှာ တိုက်စစ်ကစားသမားတွေရဲ့စွမ်းဆောင်ရည် ကျဆင်းနေတဲ့အချိန် ဘန်ဇီမာကပဲ အသင်းအတွက် ဂိုးတွေကို ဒိုင်ခံသွင်းပေးရင်းနဲ့ အသင်းကို အောင်မြင်မှုလမ်းကြောင်းပေါ် တွန်းတင်ပေးခဲ့သူဖြစ်ပါတယ်။

Photo Credit : Times24 News

ဘန်ဇီမာဟာ မကြာခင်မှာ သူရဲ့ရီးရဲလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပြန်လည်ဆင်နွဲရတော့မှာဖြစ်ပြီး မန်စီးတီးအသင်းနဲ့ (၁၆)သင်းအဆင့် ရှံးထွက်ဒုတိယအကျော့ပွဲကို ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ ဒီပွဲမတိုင်ခင် ပြင်သစ်လက်ဝှေ့အကျော်အမော်လည်း ဘန်ဇီမာနဲ့ လက်ဝှေ့လေ့ကျင့်ဖော်လည်းဖြစ်တဲ့ အစ်ဘီဟီနဲ့ Youtube Live Chat မှာ အင်တာဗျူးလုပ်ဆောင်ခဲ့ရာ ဘန်ဇီမာက “ငါက တိုက်ခိုက်ရေးအားကစားတွေနဲ့ ပတ်သက်ရင် အရမ်းကို စိတ်လှုပ်ရှားသလို ဒီအားကစားကို လေ့ကျင့်ဖို့လည်း သဘောကျတယ်။ ငါရဲ့ဘောလုံးသမားဘဝကို အဆုံးသတ်လိုက်တဲ့အချိန်ကျရင် မင်းနဲ့အတူ (၆)လလောက် လက်ဝှေ့ကို အတူမလေ့ကျင့်နိုင်စရာ ဘာအကြောင်းမှ မရှိဘူးလေ။ အဲ့ဒါပြီးလို့ မင်းက ငါတိုက်ခိုက်ထိုးသတ်ဖို့ အဆင့်သင့်ဖြစ်နေပြီလို့ သတ်မှတ်လိုက်တာနဲ့ ငါလည်း ထိုးသတ်သွားမှာ။ ငါ ဘုရားကို ကျိန်ဆိုရဲတယ်။ အဲ့ဒီချိန်ဆိုရင် ငါထိုးသတ်ဖြစ်မှာ” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဘန်ဇီမာက လက်ဝှေ့အားကစားကို အလွန်နှစ်သက်သူဖြစ်သလို ကမ္ဘာကျော် လက်ဝှေ့အကျော်အမော်ကြီးဖြစ်သူ မိုက်တိုင်ဆန်ကတော့ ဘန်ဇီမာသဘောအကျဆုံး လက်ဝှေ့သမားတစ်ယောက်ဖြစ်ပြီး သူရဲ့Idol တစ်ယောက်လည်းဖြစ်တယ်လို့ ဝန်ခံပြောဆိုထားခဲ့ဖူးပါတယ်။