ရီးရဲလ်အသင်းရဲ့ နောက်ခံ ကစားသမား အီဒါ မီလီတာအိုကတော့ နည်းပြ ပက် ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ် ဒုတိယအကျော့ ပွဲစဉ်မှာ အသင်းခေါင်းဆောင် ရာမို့စ် မပါလည်း မန်စီးတီးအသင်းကို အနိုင်ရနိုင်တယ်လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်အသင်းခေါင်းဆောင် ရာမို့စ်ဟာ မန်စီးတီးအသင်းကို အိမ်ကွင်းမှာ (၁-၂) နဲ့ ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပထမအကျော့ ပွဲစဉ်မှာ အနီကဒ် ထိခဲ့တာကြောင့် လာမယ့် သြဂုတ်လ (၈) ရက်နေ့ မန်စီးတီးအသင်းနဲ့ ဒုတိယအကျော့ ပွဲစဉ်ကို လွဲချော်မှာ ဖြစ်ပါတယ်။

Photo Credit: Sportskeeda

 

နည်းပြ ဇီဒန်းရဲ့ ရီးရဲလ်အသင်းဟာ ပထမအကျော့က အိမ်ကွင်း ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ပြီး အဝေးကွင်း သွားရောက်ကစားမယ့် ပွဲစဉ်မှာ အသင်းခေါင်းဆောင် ရာမို့စ် မပါဘဲ ကစားရမှာ ဖြစ်တာကြောင့် နောက်တစ်ဆင့် တက်လှမ်းသွားဖို့က အလားအလား နည်းပါးတာ ဖြစ်ပါတယ်။ မန်စီးတီး နဲ့ ရီးရဲလ်တို့ရဲ့ ပွဲစဉ်က အနိုင်ရတဲ့ အသင်းဟာ ဂျုဗင်တပ် နဲ့ လိုင်ယွန်တို့ရဲ့ ပွဲစဉ်က အနိုင်ရတဲ့ အသင်းနဲ့ ချန်ပီယံလိဂ် ကွာတား ဖိုင်နယ်မှာ တွေ့ဆုံရမှာ ဖြစ်ပြီး ရီးရဲလ် နောက်ခံ ကစားသမား မီလီတာအိုက မန်စီးတီးအသင်းကို အနိုင်ယူမယ်လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Sportskeeda

ရီးရဲလ် နောက်ခံလူ မီလီတာအိုက “မက်ဒရစ်သားတွေက မန်စီးတီးအသင်းနဲ့ ကစားမယ့် ပွဲစဉ်မှာ ကျွန်တော်တို့ရဲ့ အသင်းခေါင်းဆောင် မပါဘဲ ကစားရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကျွန်တော် အဲဒီပွဲမှာ ရှိနေပါလိမ့်မယ်။ ကျွန်တော် ပွဲကောင်းတစ်ပွဲကို ကစားသွားပါလိမ့်မယ်။ ကျွန်တော့်ကို ယုံလိုက်ပါ။ ကျွန်တေ်ာတို့ အနိုင်ယူပါလိမ့်မယ်။ ကျွန်တော် ဒီပွဲစဉ်ကို အခု စိတ်ကူးကြည့်တယ်။ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ၊ မန်ချက်စတာမြို့မှာ ကစားရမှာပါ။ အနိုင်ဂိုးကို ခေါင်းတိုက်ပြီး သွင်းပါလိမ့်မယ်။ ဒါပေမယ့် ဒီနိုင်ပွဲကို ဘယ်လိုမျိုး အောင်ပွဲခံရမလဲ ဆိုတာကိုတော့ ကျွန်တော် မသိသေးပါဘူး။ မဖြစ်နိုင်တာမရှိပါဘူး။ ဒီတော့ သွားကစားရမှာပါပဲ”လို့ ပြောကြားသွားပါတယ်။