MySport Myanmar

ရှက်တာဒိုးနက် ညာနောက်ခံလူ တိုဘီယာ့စ်ကို ခေါ်ယူနိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်

စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ဟာ ယူကရိန်း ထိပ်သီးကလပ် ရှက်တာဒိုးနက်ရဲ့ လူငယ် ဘရာဇီးလ် ညာနောက်ခံလူ တိုဘီယာ့စ်ကို ခေါ်ယူနိုင်ခဲ့ကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

ယူကရိန်းနိုင်ငံ အတွင်းမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ ရုရှား-ယူကရိန်း စစ်ပွဲကြောင့်ပဲ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ယူကရိန်းနိုင်ငံ အတွင်းမှာ ရှိတဲ့ ဘောလုံးသမားတွေ အတွက် အထူးအပြောင်းအရွှေ့ရာသီ တခု ဖွင့်လှစ်ပေးထားပြီး ရီးရဲလ်မက်ဒရစ်က အဆိုပါ အပြောင်းအရွှေ့ရာသီကို အသုံးချကာ တိုဘီယာ့စ်ကို အမိအရ ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit: Standard

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ ဘရာဇီးလ် ယူ-၁၇ လက်ရွေးစင် ညာနောက်ခံလူ တိုဘီယာ့စ်ဟာ ယခုနှစ် ဇန်နဝါရီလကမှ ဘရာဇီးလ်ကလပ် အင်တာနေစီယွန်နယ် ကနေ ရှက်တာဒိုးနက်ထံ ပြောင်းရွှေ့ကြေး ယူရို ၆သန်းနဲ့ ပြောင်းရွှေ့လာသူပဲ ဖြစ်ပါတယ်။

တိုဘီယာ့စ်ဟာ ရှက်တာဒိုးနက်ထံ ပြောင်းရွှေ့လာပြီးနောက် အသင်းအတွက် တပွဲမှ ပါဝင် ကစားပေးခွင့် မရသေးပေမယ့် အင်တာနေစီယွန်နယ်ရဲ့ လူငယ်အသင်းနဲ့အတူ ပြသခဲ့တဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ အလားအလာ ရှိတဲ့ လူငယ် ညာနောက်ခံလူ အဖြစ် သတ်မှတ်ခံထားရပြီး သူ့ကို ခေါ်ယူနိုင်ဖို့ အတွက် ရီးရဲလ်မက်ဒရစ်က ပရီးမီးယားလိဂ် အင်အားကြီးအသင်း နှစ်သင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီး ၊ အာဆင်နယ်တို့နဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်။

 

 

Photo Credit: Standard

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရတော့ ရီးရဲလ်မက်ဒရစ်ဟာ တိုဘီယာ့စ်ကို ယမန်နေ့မှာပဲ အပြီးသတ် ခေါ်ယူနိုင်ခဲ့ကာ တိုဘီယာ့စ်က ရီးရဲလ်မက်ဒရစ်ရဲ့ လူငယ်အသင်းမှာ စတင် ကစားရမယ်လို့လည်း သိရပါတယ်။

Exit mobile version