စပိန်လာလီဂါ အင်အားကြီးကလပ် ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းဟာ ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ သူတို့အသင်းရဲ့ ပြင်သစ် နောက်ခံလူ ဗာရန်းအတွက် ပြောင်းရွှေ့ကြေးကို သတ်မှတ်ခဲ့ကြောင်း စပိန်အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။ အသက် ၂၈နှစ် အရွယ် ပြင်သစ်လက်ရွေးစင် နောက်ခံလူ ဗာရန်းဟာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်ရှိတော့တဲ့ ကစားသမား တဦး ဖြစ်တာကြောင့် အသင်းနဲ့ အနာဂတ် မရေမရာ ဖြစ်နေကာ မန်ချက်စတာ ယူနိုက်တက်အသင်းက သူ့ကို ခေါ်ယူဖို့ အနီးကပ် စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်။

Photo Credit: Express

ဗာရန်းဟာ ရီးရဲလ်မက်ဒရစ် အသင်းမှာ ဆယ်စုနှစ် တခုကြာအောင် ကစားခဲ့တဲ့ ကစားသမား တဦး ဖြစ်ပြီး လက်ရှိ သူ့ရဲ့ စာချုပ်ကတော့ လာမယ့် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ရီးရဲလ်မက်ဒရစ် အသင်းဟာ ဗာရန်းကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေတာ ဖြစ်ပြီး ဗာရန်းကတော့ ရီးရဲလ်မက်ဒရစ် အသင်းက သူ့ကို ကမ်းလှမ်းထားတဲ့ ၃နှစ်သက်တမ်းသာ ရှိတဲ့ စာချုပ်ကို သဘောမကျကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။ စပိန်နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Marca သတင်းဌာနရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ် အသင်းဟာ လက်ရှိမှာ ဗာရန်းရဲ့ အဖြေကို စောင့်မျှော်နေပြီး အကယ်၍ ဗာရန်းကသာ စာချုပ်သစ် ချုပ်ဆိုဖို့ ငြင်းဆန်ခဲ့ရင် ဗာရန်းကို ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာပဲ ရောင်းထုတ်ဖို့ ပြင်ဆင်ထားကြောင်း သိရပါတယ်။

Photo Credit: Express

တဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဗာရန်းကို ခေါ်ယူဖို့ အတွက် ကာလရှည် စိတ်ဝင်စားခဲ့တဲ့ အသင်းဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဗာရန်းကို ခေါ်ယူဖို့ အရှိန်မြှင့် ကြိုးစားလာကာ ဗာရန်းကို တနှစ်လုပ်ခ ယူရို ၁၂သန်းနဲ့ ၄နှစ်စာချုပ် ချုပ်ဆိုဖို့ ပြင်ဆင်ထားပါတယ်။ စပိန်နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Mundo Deportivo ကတော့ ရီးရဲလ်မက်ဒရစ် အသင်းဟာ ဗာရန်းကို လက်လွှတ်ဖို့ ဆုံးဖြတ်ထားပြီးပြီ ဖြစ်ကာ ဗာရန်းကို ခေါ်ယူချင်တဲ့ အသင်းတွေဟာ ပြောင်းရွှေ့ကြေး ယူရို ၅၀သန်းခန့် ပေးချေရမယ်လို့ သတ်မှတ်ထားကြောင်း ယနေ့မနက်ပိုင်းမှာ ဖော်ပြလာပါတယ်။ မန်ချက်စတာ ညနေခင်း သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဗာရန်းအတွက် ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင်သာ သုံးစွဲချင်နေတာကြောင့် အကယ်၍ ဗာရန်းကသာ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူခဲ့ပါက ဗာရန်းရဲ့ ပြောင်းရွှေ့ကြေးဟာ ယူရို ၄၅သန်း ဝန်းကျင် ရှိနိုင်ပါတယ်။