စပိန်လာလီဂါ အင်အားကြီး အသင်းတသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်း ကတော့ သူတို့အသင်းရဲ့ ပြင်သစ်လက်ရွေးစင် နောက်ခံလူ ဗာရန်းကို ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းထံကို ရောင်းချဖို့ အတွက် စဉ်းစားနေကြောင်း ဥရောပ နာမည်ကြီး သတင်းဌာန အများစုက ဖော်ပြနေကြပါတယ်။ အသက် ၂၇နှစ် အရွယ် ဗဟိုနောက်ခံလူ ဗာရန်းဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အဓိက နောက်ခံလူအဖြစ် ကာလရှည် ရပ်တည်နိုင်ခဲ့တဲ့ ကစားသမားတဦး ဖြစ်ပေမယ့် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ သူနဲ့ကြားမှာ ရှိတဲ့ စာချုပ်ဟာ လာမယ့် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးတော့မှာ ဖြစ်ကာ စာချုပ်သစ် ချုပ်ဆိုဖို့ အတွက် ဆွေးနွေးမှုတွေဟာလည်း လက်ရှိအချိန်အထိ ပေါ်ပေါက်လာခြင်း မရှိသေးပါဘူး။

Photo Credit: Express

ဒါ့ကြောင့်ပဲ ဗာရန်းကို ခေါ်ယူဖို့ အတွက် ဥရောပရဲ့ ထိပ်တန်းအသင်းကြီးတွေက စောင့်ကြည့်နေကြပြီး စပိန်အခြေစိုက် သတင်းဌာနတွေကတော့ ဗာရန်းဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်း တိုးဖို့ထက် စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းဖို့ကိုသာ စိတ်ဝင်စားနေကြောင်း ဖော်ပြထားကြပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ နီးစပ်သူတွေကတော့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ ၂နှစ်အတွင်းမှာ ဘဏ္ဏာရေးအရ ယူရို ၄၀၀သန်း အထိ အရှုံးပေါ်ခဲ့သလို အသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ ဘာနေဗျူးကွင်းကို အဆင့်မြှင့်တင်နေတဲ့ အနေအထားကြောင့် ငွေကြေးလိုအပ်မှု များပြားနေကာ ဗာရန်းလို ကစားသမားမျိုးကို စာချုပ်ကုန်ဆုံးချိန်မှ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပေးဖို့ထက် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ရောင်းထုတ်သွားဖို့ စဉ်းစားနေကြောင်း ဖွင့်ဟလာကြပါတယ်။

Photo Credit: Express

မန်ချက်စတာ ညနေခင်း သတင်းဌာနကတော့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းခေါင်းဆောင် မက်ဂွိုင်းယားနဲ့ တွဲဖက်ကာ ကစားနိုင်မယ့် ဗဟိုခံစစ်မှူးတဦးကို ခေါ်ယူဖို့ ကြိုးစားနေပြီး ဗာရန်းဟာ သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ စပိန်အခြေစိုက် နာမည်ကြီး သတင်းဌာန ဖြစ်တဲ့ မာကာသတင်းဌာနရဲ့ ဖော်ပြချက် အရတော့ ရီးရဲလ်မက်ဒရစ် အသင်းဟာ ဗာရန်းလို လုပ်ခလစာ မြင့်မားတဲ့ ကစားသမားကို အသင်းမှာ ဆက်ထိန်းထားဖို့ ခက်ခဲနေပြီး ပြောင်းရွှေ့ကြေး ယူရို ၄၀သန်းခန့် ရရှိပါက ဗာရန်းကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ကျိန်းသေပေါက် ရောင်းထုတ်သွားမှာဖြစ်ကြောင်း သိရပါတယ်။