ရီးယဲလ်မက်ဒရစ်အသင်းရဲ့ အဓိကနောက်ခံကစားသမားတစ်ယောက်ဖြစ်တဲ့ ရာဖယ်ဗာရန်းဟာ အိုဆာဆူနာအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ စပိန်လာလီဂါပြိုင်ပွဲအတွင်း အသင်းအတွက် ပါဝင်ကစားပေးရင်းနဲ့ ဒဏ်ရာရရှိသွားခဲ့တာကြောင့် စတမ်းဖိုဒ့်ဘရစ်ချ်ကွင်းမှာ ချယ်လ်ဆီးအသင်းနဲ့ ပြန်လည်ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို လွဲချော်ရတော့မှာဖြစ်ကြောင်း အသင်းဘက်ကနေ တရားဝင်ထုတ်ပြန်လာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၈)နှစ်အရွှယ် ပြင်သစ်လက်ရွေးစင် နောက်ခံကစားသမား ဗာရန်းဟာ အိုဆာဆူနာကို (၂)ဂိုး ဂိုးမရှိနဲ့ အနိုင်ယူခဲ့တဲ့ လာလီဂါပွဲစဉ်မှာ အသင်းအတွက် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ရင်းနဲ့ ညာဘက်ခြေထောက်ရဲ့ ကြွက်သားမှာ ဒဏ်ရာရသွားခဲ့တာကြောင့် ဒုတိယပိုင်း ပြန်အစမှာပဲ လူစားလဲခဲ့ရတာဖြစ်သလို အသင်းရဲ့ အရေးပါတဲ့ ပွဲစဉ်ဖြစ်တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲကိုပါ လွဲချော်ရတော့မှာဖြစ်ပါတယ်။ ဗာရန်းဟာ စပိန်မြေမှာ ကစားခဲ့ရတဲ့ ပထမအကျော့ပွဲစဉ်မှာတော့ အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။

Photo Credit : Marca

အခုလို အသင်းရဲ့ အဓိကနောက်ခံလူ ဗာရန်းက ချယ်လ်ဆီးနဲ့ပွဲကို လွဲချော်ရတော့မှာဖြစ်ပေမယ့် နောက်ထပ် အဓိက ကစားသမားတွေဖြစ်တဲ့ အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်နဲ့ နောက်ခံအစွန်လူ ဖာလန်းမန်ဒီတို့ကတော့ လေ့ကျင့်ခန်းဆင်းမှုတွေပါ လုပ်ဆောင်နေတဲ့အတွက် ချယ်လ်ဆီးနဲ့ပွဲကို ပါဝင်ကစားနိုင်ဖို့ အခြေအနေ ကောင်းလျက်ရှိနေပါတယ်။ ရာမို့စ်သာ အသင်းအတွက် ပြန်ကစားနိုင်ခဲ့မယ်ဆိုရင် ဗာရန်းမပါလာနိုင်ပေမယ့် ရာမို့စ်ပါလာမယ့် ရီးယဲလ်ခံစစ်က မာကြောနေမှာ သေချာပါတယ်။ ရီးယဲလ်ဟာ ဒီပွဲပြီးရင်လည်း လာလီဂါချန်ပီယံဆုအတွက် သူတို့အသင်းနဲ့အတူ တိုက်ပွဲဝင်နေတဲ့ ဆီဗီလာအသင်းနဲ့ပါ ဆက်တိုက်ယှဉ်ပြိုင်ရမှာဖြစ်လို့ ဒီရာသီမှာ ရီးယဲလ်တို့ အောင်မြင်မှုတွေ ဘယ်လောက်အထိ ရယူသွားနိုင်မလဲဆိုတာ ဒီရက်သတ္တပတ်အတွင်းမှာပဲ အဖြေရှာနိုင်တော့မှာဖြစ်ပါတယ်။ ရီးယဲလ်အသင်းဟာ ချယ်လ်ဆီး ဆီဗီလာတို့နဲ့ ယှဉ်ပြိုင်ကစားပြီးပါက လာလီဂါမှာ ဂရန်နာဒါ ဘီလ်ဘာအို ဗီလာရီးယဲလ်တို့နဲ့ ဆက်တိုက်တွေ့ဆုံရမှာဖြစ်ပြီး ရင်ဆိုင်ရမယ့် အသင်းတိုင်းကလည်း လျှော့တွက်လို့မရတဲ့ အသင်းတွေဖြစ်လို့ အခုလို အသင်းရဲ့ အဓိကခံစစစ်ကစားသမားတချို့ ဒဏ်ရာကနေ ပြန်လည်သက်သာလာခြင်းဟာ အသင်းအတွက်တော့ အကျိုးရှိစေမှာ သေချာပါတယ်။