ယူကရိန်း အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ရှက်တာဒိုးနက်အသင်းရဲ့ နည်းပြဖြစ်သူ လူးဝစ် ကတ်စထရို ကတော့ ယနေ့ည ၁၁နာရီခွဲ အချိန်မှာ သူတို့အသင်းနဲ့ ရင်ဆိုင် ကစားရမယ့် ရီးရဲလ်မက်ဒရစ်အသင်း ကျူးလွန််ခဲ့တဲ့ အမှားကြီး တစ်ခုကို ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ထောက်ပြ ပြောဆို သွားခဲ့ပါတယ်။ ရှက်တာဒိုးနက် အသင်းဟာ ယနေ့ည ၁၁နာရီခွဲ အချိန်မှာ ချန်ပီယံလိဂ် အုပ်စု အဖွင့်ပွဲစဉ် အဖြစ် လာလီဂါ အင်အားကြီး အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရမှာ ဖြစ်ပြီး အဆိုပါ ပွဲစဉ်ဟာ သူတို့အသင်း အတွက် ခက်ခဲကြမ်းတမ်းတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်လာဖွယ် ရှိပါတယ်။

Photo Credit: Marca

ဒါပေမယ့် လူးဝစ် ကတ်စထရို ကတော့ သူ့ရဲ့အသင်းဟာ ရိုနယ်ဒို မရှိတော့တဲ့ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ရင်ဆိုင်ရာမှာ ဖြစ်တာကြောင့် အနည်းငယ် အသက်ရှူချောင်လိမ့်မယ် လို့ ယုံကြည်နေသလို ရီးရဲလ်မက်ဒရစ် အသင်းဟာ ရိုနယ်ဒိုကို မရောင်းချခဲ့သင့်ဘူး လို့ ဝေဖန် သွားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းဟာ အသင်းရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ထားတဲ့ ရိုနယ်ဒိုကို အသက်အရွယ် ရလာပြီ ဆိုတဲ့ အကြောင်းပြချက်နဲ့ ၂၀၁၈ခုနှစ်မှာ ဂျူဗင်တပ် အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၁ဝဝသန်းနဲ့ ရောင်းချခဲ့တာပါ။ ရိုနယ်ဒိုကတော့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ရောင်းချမှုဟာ မှားယွင်းကြောင်းကို ဂျူဗင်တပ်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၉၁ပွဲ ပါဝင် ကစားပေးခဲ့ရာမှာ ၆၈ဂိုး သွင်းယူပေးခဲ့သလို ၁၈ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ရင်း သက်သေ ပြခဲ့ပါတယ်။

Photo Credit: Marca

ကတ်စထရိုကတော့ ရိုနယ်ဒိုလို ကစားသမားမျိုးကို ပိုင်ဆိုင်ပြီးရင် ရောင်းချဖို့ လုံးဝ မစဉ်းစားသင့်ဘူး လို့ ရီးရဲလ်မက်ဒရစ် အသင်းကို ဝေဖန် သွားခဲ့ပါတယ်။ ကတ်စထရိုက “ခင်ဗျားက အသင်းမှာ ခရစ္စတီယာနို ကို ရရှိထားရင် သူ့ကို အသင်းကနေ ဘယ်တော့မှ ထွက်ခွာခွင့် မပြုသင့်ပါဘူး။ ကျွန်တော်တို့ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ကစားသမား တစ်ယောက်အကြောင်းကို ပြောနေတာပါ။ ကမ္ဘာပေါ်မှာ အသင်းအတွက် အကျိုးအပြုနိုင်ဆုံး ကစားသမား ၊ စက်တစ်လုံးလို စွမ်းဆောင်နိုင်တဲ့ ကစားသမားဟာ ရိုနယ်ဒိုပါ။ ကျွန်တော်ဟာ နှိုင်းယှဉ်ရတာကို မကြိုက်ပေမယ့် ကျွန်တော့်အတွက်တော့ သူဟာ အကောင်းဆုံး ကစားသမားပါ။ ခရစ္စတီယာနို မှာ တခြားသူတွေ အတုယူရမယ့် နောက်ကြောင်း ရှိပါတယ်။ သူဟာ အသက် ၁၁နှစ် အရွယ်ထဲက ဘောလုံးသမား တစ်ယောက်ဖြစ်ဖို့ အိမ်ကနေ လစ္စဘွန်းမြို့ကို တစ်ဦးထဲ ထွက်သွားခဲ့ရသူပါ။ ခရစ္စတီယာနိုဟာ တစ်ယောက်ထဲ ကြိုးစားခဲ့ရသူ ဖြစ်ပြီး ပြတ်သားတဲ့ ရည်ရွယ်ချက် ရှိသူလည်း ဖြစ်ပါတယ်။ ကျွန်တော့်အတွက် သူဟာ ကလေးတွေ အားလုံးအတွက် စံပြပုဂ္ဂိုလ် တစ်ဦးပါ” လို့ ပြောကြားသွားခဲ့ပါတယ်။