ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် (၃)လဝန်းကျင်လောက် ရပ်နားထားခဲ့ရတဲ့ စပိန်လာလီဂါဘောလုံးပြိုင်ပွဲကို မကြာခင်မှာ စတင်တော့မှာဖြစ်ပြီး လာလီဂါရဲ့ ထိပ်သီးအသင်းကြီးဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းကလည်း ဘာစီလိုနာအသင်းကို ကျော်ဖြတ်ပြီး လာလီဂါချန်ပီယံဆုဖလားကြီးကို သိမ်းပိုက်ပြီး ရာသီသိမ်းနိုင်ဖို့အတွက် ကြိုးစားရတော့မှာဖြစ်ပါတယ်။ ဒါ့အပြင် ရီးရဲလ်အသင်းဟာ လက်ကျန်လာလီဂါပွဲတွေထဲကမှ အိမ်ကွင်းပွဲစဉ်များကိုလည်း အသင်းရဲ့ကွင်း ပြင်ဆင်နေမှုတို့ကြောင့် လေ့ကျင့်ရေးကွင်းဖြစ်တဲ့ ဒီစတီဖာနိုကွင်းအတွင်းမှာပဲ ကျင်းပသွားရမှာဖြစ်ပါတယ်။

Photo Credit : AllFootball

ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့အိမ်ကွင်း ဘာနေဗျူးကွင်းအတွင်းမှာ ပြင်ဆင်မှုတွေကို Lockdown ကာလအတွင်းကတည်းက စတင်လုုပ်ဆောင်နေတာဖြစ်ပြီး အခုအချိန်ထိ အပြီးမပတ်နိုင်သေးတဲ့အတွက် လက်ကျန်လာလီဂါ အိမ်ကွင်းပွဲစဉ်တွေကို ပရိသတ်၆၀၀၀လောက်သာဆံ့တဲ့ အသင်းရဲ့လေ့ကျင့်ရေးကွင်း ဒီစတီဖာနိုကွင်းမှာ ကျင်းပရမှာဖြစ်ပါတယ်။ ဒီလိုအခြေအနေရှိနေတဲ့ ရီးရဲလ်ကို သူတို့အသင်းရဲ့ မက်ဒရစ်မြို့ခံအသင်းဖြစ်တဲ့ အသက်လက်တီကိုအသင်းက သူတို့အိမ်ကွင်းဖြစ်သော ဝမ်ဒါမက်ထရိုပိုလီတာနိုကွင်းကို အိမ်ကွင်းအဖြစ် ခဏယူသုံးပေးဖို့ အကူအညီပေးခဲ့ပေမယ့် ဒီအကူအညီကို ရီးရဲလ်ဘက်ကနေ ပယ်ချသွားခဲ့ပါတယ်။

Photo Credit : AllFootball

အသက်လက်တီကိုမက်ဒရစ်အသင်းဟာ ဗင်ဆင့်တေးကယ်ဒါရွန်ကွင်းကို ၂၀၁၇ခုနှစ်အထိ အသုံးပြုခဲ့ပြီးနောက်မှာ ပရိသတ်ပေါင်း (၆၇၀၀၀)အထိ ဝင်ဆ့ံတဲ့ ဝမ်ဒါမက်ထရိုပိုလီတာနိုကွင်းအသစ်ကြီးကို အိမ်ကွင်းအဖြစ် ပြောင်းလဲဖြစ်ခဲ့ပါတယ်။ ဒီလို ကြီးကျယ်ခမ်းနားတဲ့ ကွင်းကြီးအတွင်းမှာ ရီးရဲလ်မက်ဒရစ်ရဲ့ အိမ်ကွင်းပွဲစဉ်တွေကို လာရောက်ကျင်းပဖို့အတွက် အသက်လက်တီကိုဘက်ကနေ ကမ်းလှမ်းခဲ့ပေမယ့် ရီးရဲလ်ဘက်ကတော့ ဒီကမ်းလှမ်းမှုကို ချက်ချင်းပယ်ချသွားခဲ့ကာ ဒီစတီဖာနိုကွင်းမှာပဲ ရာသီကုန်အထိ ဆက်လက်ကျင်းပသွားမှာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ စပိန်လာလီဂါ ပွဲစဉ်(၂၇)အထိ ယှဉ်ပြိုင်ကစားထားခဲ့ရာ ရမှတ်(၅၆)မှတ် ပိုင်ဆိုင်ထားခဲ့ပြီး ဘာစီလိုနာအသင်းအောက် ရမှတ်(၂)မှတ် လျော့နည်းနေခဲ့ကာ အဆင့်(၂)နေရာမှာ ရပ်တည်လို့နေပါတယ်။ ရီးရဲလ်အသင်းဟာ လာမယ့်(၁၅)ရက်နေ့မှာ အီဘာအသင်းနဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပြီး အဲ့ဒီပွဲပြီးရင်တော့ ဗလင်စီယာအသင်းနဲ့ လာလီဂါပွဲကျပ်ကို ဆက်လက်ဆင်နွဲရမှာပဲဖြစ်ပါတယ်။