စပိန်အင်အားကြီး အသင်းဖြစ်တဲ့ ရီးရဲလ် မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဆီဗီးလားအသင်းထံ တစ်ရာသီ အငှားနဲ့ သွားရောက် ကစားခဲ့တဲ့ သူတို့အသင်းရဲ့ လူငယ် ဘယ်နောက်ခံလူ ရီဂွယ်လွန်ကို ပရီးမီးယားလိဂ် ကလပ် မန်ယူအသင်းထံ ရောင်းချဖို့ အတွက် စတင် ဆွေးနွေးနေပြီ လို့ သိရပါတယ်။ အသက် ၂၃နှစ် အရွယ်သာ ရှိသေးတဲ့ စပိန် ဘယ်နောက်ခံလူ ရီဂွယ်လွန်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဆီဗီးလားအသင်းထံ တစ်ရာသီအငှားနဲ့ သွားကစားခဲ့ပြီး ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့သလို ဆီဗီးလားအသင်း ယူရိုပါလိဂ် ဖလား ရရှိအောင်လည်း ကူညီပေးနိုင်ခဲ့သူပါ။

Photo Credit: Euro Sport

ရီဂွယ်လွန်ဟာ ဆီဗီးလားအသင်းမှာ အငှားနဲ့ သွားရောက် ကစားနေစဉ် မန်ယူအသင်းနဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်အဆင့်မှာ ရင်ဆိုင် ကစားခဲ့ရပြီး အဆိုပါ ပွဲစဉ်မှာ ပြသခဲ့တဲ့ သူ့ရဲ့ ခြေစွမ်းတွေကြောင့်ပဲ မန်ယူအသင်းဟာ သူ့ကို ခေါ်ယူဖို့ အတွက် ချဉ်းကပ်လာခဲ့တာပါ။ ရီးရဲလ်မက်ဒရစ် အသင်းဘက် ကတော့ ဆီဗီးလာအသင်းမှာ ပြသခဲ့တဲ့ ရီဂွယ်လွန်ရဲ့ သဘောကျနေပေမယ့် နည်းပြ ဖြစ်သူ ဇီဒန်းရဲ့ အစီအစဉ်တွေထဲမှာ ရီဂွယ်လွန် အတွက် နေရာမရှိတာကြောင့် လက်ရှိ နွေရာသီ အပြောင်းအရွှေ့ အတွင်းမှာပဲ ရီဂွယ်လွန်ကို ရောင်းချသွားဖို့ စီစဉ်နေပါတယ်။ လက်ရှိမှာတော့ ရီဂွယ်လွန်ကို ခေါ်ယူဖို့ အတွက် ဆီဗီးလားအသင်း ၊ ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ မန်ယူအသင်းနဲ့ စပါးအသင်း ၊ စီးရီးအေ ကလပ် ဂျူဗင်တပ်အသင်းတို့က စိတ်ဝင်စားနေကြပါတယ်။

Photo Credit: Euro Sport

နာမည်ကြီး သတင်းထောက် တစ်ဦး ဖြစ်တဲ့ Francesco Porzio ရဲ့ ဖော်ပြချက် အရတော့ မန်ယူအသင်းနဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့ ကြားမှာ ရီဂွယ်လွန်အတွက် ဆွေးနွေးမှုတွေ စတင် နေပြီ ဖြစ်ကြောင်း သိရပါတယ်။ ABC သတင်းဌာနရဲ့ အဆိုအရတော့ ရီးရဲလ်မက်ဒရစ် အသင်းဟာ ရီဂွယ်လွန် အတွက် စုစုပေါင်း ပြောင်းရွှေ့ကြေးကို ယူရို ၃၀ သန်း အလိုရှိနေသလို ရီဂွယ်လွန်ကို ဝယ်ယူသွားတဲ့ အသင်းတွေ အနေနဲ့ အခြားအသင်း တစ်သင်းထံကို ရီဂွယ်လွန်အား ပြန်လည် ရောင်းချရာတွင် ပြောင်းရွှေ့ကြေးရဲ့ ၂၅ရာခိုင်နှုန်း ကို သူတို့အသင်းထံ ပေးအပ်ရမယ့် သဘောတူညီချက် ၊ ရီဂွယ်လွန်အား ရောင်းချသည့် အချိန်တွင်လည်း သူတို့အသင်းအနေနဲ့ အခြားအသင်းတွေထက် ရီဂွယ်လွန်ကို ဦးစွာ ဝယ်ယူခွင့် ရရှိမည် ဖြစ်ကာ သူတို့အသင်း မလိုချင်မှသာ အခြားအသင်းထံ ရောင်းချခွင့် ရှိမည် ဆိုသော အချက်တို့ကို ထည့်သွင်း လိုနေကြောင်း သိထားရပါတယ်။

Photo Credit: Euro Sport

ရီးရဲလ်မက်ဒရစ် အသင်းဟာ ရီဂွယ်လွန်ကို မန်ယူအသင်းထံသာ ရောင်းချလို နေပြီး မန်ယူအသင်းနဲ့ သူတို့အသင်းရဲ့ ကြားမှာ ရီဂွယ်လွန် အတွက် သဘောတူညီမှု ရရှိမယ် လို့ ယုံကြည် ထားကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြထားပါတယ်။ လက်ရှိမှာ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ရီဂွယ်လွန် အတွက် မန်ယူအသင်းရဲ့ အဓိက ပြိုင်ဘက်လို့ ပြောရမယ့် ဆီဗီးလားအသင်း ဟာ ရီဂွယ်လွန်ကို အငှားနဲ့သာ ထပ်မံ ခေါ်ယူချင်နေတာကြောင့် မန်ယူအသင်းဟာ ရီဂွယ်လွန်ကို ခေါ်ယူဖို့ အကောင်းဆုံး အနေအထား တစ်ရပ်မှာ ရှိနေတယ် လို့ သုံးသပ်မိပါတယ်။