စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ ၃နှစ်တာ ကာလ အတွင်းမှာ သူတို့အသင်းရဲ့ ဈေးအကြီးဆုံး ကစားသမား ဖြစ်သူ အီဒင်ဟာဇက်ကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ချက် ချလိုက်ကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘယ်လ်ဂျီယံ အသင်းခေါင်းဆောင် အီဒင်ဟာဇက်ကို ၂၀၁၉ခုနှစ်မှာ အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်း ကနေ ပြောင်းရွှေ့ကြေး ယူရို ၁၁၅သန်းနဲ့ ခေါ်ယူခဲ့ပြီး ၅နှစ်သက်တမ်း ရှိတဲ့ စာချုပ်တရပ်ကို ချုပ်ဆိုခဲ့ပါတယ်။

Photo Credit: Marca

ဟာဇက်ဟာ ရီးရဲလ်မက်ဒရစ်အသင်းဆီ မပြောင်းရွှေ့မီ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တောင်ပံ တိုက်စစ် ကစားသမား အဖြစ် သတ်မှတ်ခံထားရတာကြောင့် ရိုနယ်ဒို ၊ ဂါရတ်ဘေးလ်တို့လိုပဲ ရီးရဲလ်မက်ဒရစ်မှာ ခြေစွမ်းပြနိုင်လိမ့်မယ်လို့ မျှော်လင့်ခံခဲ့ရပေမယ့် စပိန်မြေကို ရောက်ရှိတဲ့ အချိန်မှာတော့ ထင်ထားသလို ဖြစ်မလာပဲ ဒဏ်ရာပြဿနာတွေနဲ့သာ ရုန်းကန်ခဲ့ရပါတယ်။

အသက် ၃၀ အရွယ် တောင်ပံတိုက်စစ် ကစားသမား အီဒင်ဟာဇက်ဟာ ၃နှစ်တာ ကာလ အတွင်းမှာ ရီးရဲလ်မက်ဒရစ်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၅၃ပွဲသာ ပါဝင် ကစားပေးနိုင်ခဲ့ပြီး သွင်းဂိုး ၅ဂိုးသာ သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၉ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Marca

ဒါကြောင့်ပဲ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ နည်းပြဖြစ်သူ အန်ဆလော့တီက ဟာဇက်ဟာ သူ့အတွက် ဦးစားပေး တောင်ပံတိုက်စစ် ကစားသမား မဟုတ်တော့ကြောင်း အတည်ပြု ပြောကြားခဲ့တာ ဖြစ်ပြီး ဟာဇက်အနေနဲ့ ရီးရဲလ်မက်ဒရစ် အသင်းမှာ နေရာရချင်ရင် ယခင်ထက် အလုပ်တွေ ပိုမို ကြိုးစားဖို့ လိုအပ်ကြောင်းလည်း သတိပေးသွားခဲ့ပါတယ်။

နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Marca သတင်းဌာနရဲ့ ဖော်ပြချက်အရ ရီးရဲလ် မက်ဒရစ် အသင်းရဲ့ ဘုတ်အဖွဲ့ဟာ ပုံမှန်ခြေစွမ်းပြဖို့ ရုန်းကန်နေရသလို လုပ်ခလစာလည်း မြင့်မားတဲ့ ဟာဇက်ကို ဝယ်ယူချင်တဲ့ အသင်း ရှိပါက ရောင်းချဖို့ ဆုံးဖြတ်လိုက်ပြီး ဟာဇက်အတွက် ပြောင်းရွှေ့ကြေးကို ယူရို ၄၀သန်း သတ်မှတ်ထားကြောင်း သိရပါတယ်။