ရီးရဲလ်မက်ဒရစ်အသင်းကတော့ ဒီနှစ်ဘောလုံးရာသီအကုန်မှာ အသင်းနဲ့ နှစ်ပေါင်းများစွာ လက်တွဲခဲ့ဖူးတဲ့ အသင်းခေါင်းဆောင် နောက်ခံကစားသမား ဆာဂျီယိုရာမို့စ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းဘက်က သူ့ကို တစ်နှစ်သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့ပေမယ့် ရာမို့စ်ကတော့ (၂)နှစ်လောက် သက်တမ်းတိုးစေချင်တာကြောင့် စာချုပ်ကိစ္စ အဆင်မပြေဖြစ်နေရာ သက်တမ်းတိုးဖို့ထက် လမ်းခွဲဖို့က ဖြစ်နိုင်ခြေ ပိုများနေတာကြောင့် သူရဲ့နေရာမှာ အစားထိုးဖို့အတွက်ပါ ဘိုင်ယန်မြူးနစ် နောက်ခံကစားသမား ဒေးဗစ်အလာဘာကိုပါ ပစ်မှတ်ထားလျက်ရှိနေပါတယ်။

Photo Credit : Daily Mail

အသက်(၃၄)နှစ်အရွှယ်ရှိ စပိန်လက်ရွေးစင် နောက်ခံကစားသမားကြီးရာမို့စ်ဟာ လွန်ခဲ့တဲ့ ၂၀၀၅ခုနှစ်ကတည်းက ဆီဗီလာကနေ ရီးရဲလ်မက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းမှာ (၁၅)နှစ်အထိတောင် ပါဝင်ကစားခဲ့တဲ့ ဝါရင့်ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် ရီးရဲလ်ဘက်က အသင်းရဲ့ပေါ်လစီကြောင့် အသက်(၃၀)ကျော် ကစားသမားတစ်ယောက်အတွက် (၂)နှစ်စာချုပ်နဲ့ ကမ်းလှမ်းဖို့က အခုလို ကိုဗစ်ကြောင့် စီးပွားရေးကပ်ဆိုက်နေချိန်မှာ ပိုမိုခက်ခဲနိုင်တာကြောင့် သက်တမ်းတိုးမယ့်ကိစ္စကို ရီးရဲလ်ဘက်ကနေပါ လက်လျှော့လိုက်တာဖြစ်ပါတယ်။

Photo Credit : Daily Mail

ဒါကြောင့် အသင်းမှာ (၁၅)နှစ်တာလောက် ပါဝင်ကစားခဲ့တဲ့ ရာမို့စ်နေရာမှာ ပြန်လည်အစားထိုးသွားဖို့အတွက် ကမ္ဘာ့အဆင့် ခံစစ်မှူးကောင်းတစ်ယောက်ကို လိုက်လံရှာဖွေနေရာ ရာမို့စ်လိုပဲ ဒီနှစ်ဘောလုံးရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဘိုင်ယန်မြူးနစ်အသင်းရဲ့ နောက်ခံကစားသမား ဒေးဗစ်အလာဘာကို တွေ့ရှိသွားခဲ့ပါတယ်။ အသက်(၂၈)နှစ်အရွှယ်ရှိ သြစတြီးယားနောက်ခံကစားသမား အလာဘာကလည်း ဘိုင်ယန်မှာ နှစ်ပေါင်းများစွာ ပါဝင်ကစားခဲ့သူဖြစ်ပြီး အသင်းနဲ့လည်း ဆုဖလားများစွာကို ပိုင်ဆိုင်ခဲ့ဖူးတဲ့ World Class အဆင့်ရှိ နောက်ခံလူတစ်ယောက်ဖြစ်တာကြောင့် သူ့လို ကစားသမားမျိုးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပိုင်ဆိုင်ရမှာက အရမ်းကို တန်လွန်းပါတယ်။ ဘိုင်ယန်ဘက်ကလည်း အလာဘာလို ကစားသမားမျိုးကို အသင်းကနေ မဆုံးရှုံးရစေဖို့အတွက် အကြိမ်ကြိမ် ကြိုးပမ်းခဲ့ပေမယ့်လည်း ကစားသမားဘက်ကတော့ အသင်းနဲ့ သက်တမ်းတိုးဖို့ ဆန္ဒမရှိသလို သူအမှန်တကယ် အလိုရှိနေတဲ့ လစာပမာဏကလည်း များပြားလွန်းနေတာကြောင့် နောက်ဆုံးမှာတော့ ဘိုင်ယန်ဘက်က အလာဘာကို စာချုပ်ကိစ္စ ကမ်းလှမ်းမှုကို ရပ်တန့်လိုက်ရပါတယ်။ ဒီလိုအခြေအနေ ရှိနေရတဲ့ အလာဘာကို ဥရောပထိပ်သီး ကလပ်အသင်းများစွာကနေ ပစ်မှတ်ထားလို့နေပြီး ကလပ်အသင်းတချို့ကလည်း လာမယ့်ဆောင်းစျေးကွက်အတွင်းမှာပဲ ပြောင်းရွှေ့ကြေးတချို့နဲ့ ကမ်းလှမ်းဖွယ်ရှိနေပါတယ်။