စပိန် လာလီဂါ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ကွင်းလယ်လူ တစ်ဦးကို ကျိန်းသေပေါက် ခေါ်ယူဖို့ ကြိုးစားသွားမယ့် အသင်းတစ်သင်း ဖြစ်ပြီး လက်ရှိမှာတော့ ရီးရဲလ်မက်ဒရစ် အသင်းဟာ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပြင်သစ် ကွင်းလယ်လူ ပေါ့ဘာကို ခေါ်ယူဖို့ လှုပ်ရှားမှုတွေ ရှိလာကြောင်း စပိန် အခြေစိုက် နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ AS သတင်းဌာနက ဖော်ပြ သွားပါတယ်။ အသက် ၂၇နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ပေါ့ဘာဟာ လက်ရှိမှာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်ကျော်သာ ကျန်တော့သူ ဖြစ်တာကြောင့် လက်ရှိ ရာသီ အတွင်းမှာသာ အသင်းနဲ့ စာချုပ်သစ် မချုပ်ဆိုနိုင်ခဲ့ပါက လာမယ့် နွေအပြောင်းအရွှေ့မှာ ကျိန်းသေပေါက် ရောင်းချခံရမယ့်သူပါ။

 

Photo Credit: AS English

မန်ချက်စတာ ယူနိုက်တက် အသင်းဘက် ကတော့ ပေါ့ဘာကို စာချုပ်သစ် ကမ်းလှမ်းမှုတွေ ပြုလုပ် နေပေမယ့် ပေါ့ဘာ လိုချင်တဲ့ တစ်ပတ်လုပ်ခ ပေါင် ၄သိန်းဆိုတဲ့ ပမာဏကို ပေးချေလိုခြင်း မရှိသလို ပေါ့ဘာဘက်ကလည်း လက်ရှိမှာ ဝေဖန်မှုတွေ ခံနေရတာကြောင့် အသင်းက‌နေ ထွက်ခွာဖို့ စိတ်အား ထက်သန်နေကြောင်း မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ထွက်ပေါ်ခဲ့တဲ့ သတင်းတွေ အရတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပေါ့ဘာကို စာချုပ်သစ် ကမ်းလှမ်းမှာ ဖြစ်သလို တစ်ဖက်မှာလည်း ပေါ့ဘာသာ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောမတူပါက ပေါ့ဘာကို ပြောင်းရွှေ့ကြေး ယူရို၆၀သန်း ဝန်းကျင် ရရုံနဲ့ ရောင်းချသွားမယ် လို့ သိရပါတယ်။

Photo Credit: AS English

နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ AS သတင်းဌာနရဲ့ နောက်ဆုံး ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ် အသင်းဟာ ကနဦးမှာ ရန်းနက်စ်အသင်းရဲ့ ပြင်သစ် လူငယ် ကွင်းလယ်လူ ကာမာဗင်ဂါကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် ပေါ့ဘာကို ပြောင်းရွှေ့ကြေး ယူရို ၆၀သန်းထဲနဲ့ ခေါ်ယူနိုင်မယ် ဆိုပါက ပေါ့ဘာကိုသာ ပြောင်းလဲ ခေါ်ယူသွားမှာ ဖြစ်ကြောင်း သိရှိ ရပါတယ်။ ဒါ့အပြင် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ နည်းပြဖြစ်သူ ဇီဒန်းဟာလည်း ပေါ့ဘာကို အသင်းထံ ခေါ်ယူချင်နေတာ ဖြစ်ပြီး ပေါ့ဘာကလည်း ဇီဒန်းနဲ့ လက်တွဲချင် နေတာကြောင့် ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ပေါ့ဘာရဲ့ အပြောင်းအရွှေ့ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဖြစ်ပေါ်လာမှာ ဖြစ်ကြောင်း စပိန် ဘောလုံး ကျွမ်းကျင်သူတွေက သုံးသပ် ထားပါတယ်။