စပိန်လာလီဂါ အင်အားကြီးအသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းဟာ သူတို့အသင်းရဲ့ နည်းပြဖြစ်သူ ဇီဒန်းရဲ့ စိတ်ကြိုက် ကွင်းလယ် ကစားသမား တစ်ဦးဖြစ်တဲ့ မန်ယူအသင်းရဲ့ ကွင်းလယ်လူ ပေါ့ဘာကို ခေါ်ယူဖို့အတွက် ကြိုးပမ်းလာတယ်လို့ စပိန်အခြေစိုက် သတင်းစာတွေက ဖော်ပြသွားခဲ့ကြပါတယ်။ အသက် ၂၇နှစ် အရွယ် ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာ ဟာ ရီးရဲလ်မက်ဒရစ် အသင်းနည်းပြ ဇီဒန်းနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိသူ ဖြစ်ပြီး ဇီဒန်းရဲ့ အပြောင်းအရွှေ့ ပစ်မှတ် ကစားသမားတွေထဲမှာ တစ်ဦး အပါအဝင်ဖြစ်ကာ ပေါ့ဘာဘက်ကလည်း လက်ရှိ ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ မန်ယူအသင်းကနေ ပြောင်းရွှေ့ဖို့အတွက် စဉ်းစားနေသူ တစ်ဦးပါ။

Photo Credit: Mirror

Mirror သတင်းစာရဲ့ ဖော်ပြချက်အရတော့ ရီးရဲလ်မက်ဒရစ် အသင်းဟာ Covid-19 ကာလ အတွင်းမှာ ဝင်ငွေ လျော့ပါးသွားတာကြောင့် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ပြောင်းရွှေ့ကြေး များစွာကို သုံးစွဲဖို့ စိတ်ကူးမရှိပေမယ့် ပေါ့ဘာကို ခေါ်ယူဖို့အတွက် လက်မလျော့သေးပဲ ကစားသမားလေးဦးအထိ အလိုက်ပေးသွားဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ရီးရဲလ် မက်ဒရစ် အသင်းဘက်က အလိုက်ပေးမယ့် ကစားသမားလေးဦးဟာ ဂျိမ်းရိုဒရီဂွက်စ် ၊ ဗက်စ်ကွက် ၊ ဘရာဟင် ဒီယက်ဇ်နဲ့ အိုဒီဂတ်တို့ ဖြစ်ပြီး အဆိုပါ ကစားသမားတွေထဲမှာ အိုဒီဂတ် တစ်ဦးတည်းကသာ လက်ရှိ ဘောလုံးရာသီမှာ ခြေစွမ်းပြ ကစားထားနိုင်သူဖြစ်ကာ ကျန်တဲ့ ကစားသမားသုံးဦးကတော့ ရီးရဲလ်မက်ဒရစ် အသင်းအတွက် ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရသူတွေပါ။

Photo Credit: Mirror

အသက်၂၁နှစ်အရွယ် အိုဒီဂတ်ဟာ လက်ရှိ ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ် အသင်း ကနေ ဆိုစီဒက်အသင်းထံကို တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး ဆိုစီဒက်အသင်းအတွက် လက်ရှိ ဘောလုံးရာသီမှာ လာလီဂါပွဲစဉ် ၂၃ပွဲ ကစားပေးထားကာ ၄ဂိုး သွင်းယူထားပြီး ၅ဂိုး ဖန်တီးပေးထားနိုင်ပါတယ်။ ဒါ့ကြောင့် အိုဒီဂတ် အပါအဝင် ကစားသမားလေးဦးရဲ့ တန်ကြေးကို ပေါင်းလိုက်ရင် ပေါင်၁၀၀သန်း နီးပါး ရှိသွားမှာ ဖြစ်ပြီး သူတို့ရဲ့ ကမ်းလှမ်းမှုဟာ ကျေနပ်စရာ ကောင်းတယ်လို့ ရီးရဲလ်မက်ဒရစ်အသင်းက ယူဆထားပါတယ်။ ဒါပေမယ့် ဘောလုံးသုတေသီတွေကတော့ မန်ယူအသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားဟာ ဘရူနို ဖာနန်ဒက်နဲ့ ပေါ့ဘာတို့ကို အသင်းရဲ့ ကွင်းလယ်မှာ အထိုင်ချထားချင်တာကြောင့် ပေါ့ဘာကို မန်ယူအသင်းက ရောင်းချသွားမှာ မဟုတ်ဘူးလို့ သုံးသပ်ထားကြပါတယ်။