ရီးယဲလ်မက်ဒရစ်အသင်းကတော့ သူတို့ရဲ့နောက်ခံကစားသမားဖြစ်သူ ရာဖယ်ဗာရန်းကို မန်ချက်စတာယူနိုက်တက်အသင်းဆီ ရောင်းချသွားဖို့အတွက် ယူနိုက်တက်ဘက်ကနေ ပြောင်းရွေ့ကြေးတချို့ အပါအဝင် အသင်းရဲ့ နယ်သာလန် ကွင်းလယ်ကစားသမား ဒွန်နီဗန်ဒယ်ဘိခ်ကိုပါ အပြောင်းအရွေ့ရဲ့ တစိတ်တပိုင်းအဖြစ် အလိုက်ပေးကမ်းလှမ်းလာမှ လက်ခံသွားမှာဖြစ်တယ်လို့ Sportmail ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Daily Mail

ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ အသင်းရဲ့ ကာလရှည်ပစ်မှတ်ဖြစ်သူ ဂျေဒန်ဆန်ချိုကို အရခေါ်ယူထားပြီးနောက် ခံစစ်ပိုင်းကို အားဖြည့်ဖို့အတွက် ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ပြင်သစ်နောက်ခံလူ ဗာရန်းကိုပါ ဆက်လက်ပစ်မှတ်ထားလာခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ နောက်ခံလူဗာရန်းကို ယခင်နှစ်တွေကတည်းကနေ ပစ်မှတ်ထားနေခဲ့တာဖြစ်ပြီး ဒီနှစ်ရဲ့ နွေစျေးကွက်အတွင်းမှာတော့ အသင်းဆီကို အရခေါ်ဆောင်ချင်နေတာလည်းဖြစ်ပါတယ်။ ယူနိုက်တက်ဘက်က ဗာရန်းကို ခေါ်ယူသွားဖို့အတွက် ပြောင်းရွေ့ကြေး ပေါင်(၄၅)သန်းကနေ ပေါင်သန်း(၅၀)အထိနဲ့ ကမ်းလှမ်းသွားဖို့အထိ ရှိနေတဲ့အပြင် ရီးယဲလ်ဘက်ကနေ အလိုရှိနေတဲ့ ပေါ်တူဂီ ညာနောက်ခံလူ ဒါလော့ကိုပါ အလိုက်ပေးသွားဖို့အထိ ပြင်ဆင်လာခဲ့ပါတယ်။

Photo Credit : Newsblingding

ဒါပေမယ့် ရီးယဲလ်ဘက်ကတော့ သူတို့ရဲ့ကစားသမားကို ရောင်းချသွားဖို့အတွက် ယူနိုက်တက်အသင်းရဲ့ နယ်သာလန်ကွင်းလယ်လူ ဗန်ဒယ်ဘိခ်ကိုသာ အပြောင်းအရွေ့ရဲ့ တစိတ်တပိုင်းအဖြစ် အလိုရှိနေတယ်လို့ သိရှိရပါတယ်။ အသက်(၂၄)နှစ်အရွှယ်ရှိ နယ်သာလန် ကွင်းလယ်ကစားသမား ဗန်ဒယ်ဘိခ်ဟာ ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်းကမှ အေဂျက်စ်အသင်းကနေ ယူနိုက်တက်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ကွင်းလယ်ကစားသမားတွေ များပြားနေတဲ့ ယူနိုက်တက်မှာ ပုံမှန်နေရာရဖို့ ရုန်းကန်ခဲ့ရတာကြောင့် သူရဲ့အနာဂတ်က မရေမရာ ဖြစ်လာခဲ့ရပါတယ်။ အရည်အသွေးရှိ ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ဗန်ဒယ်ဘိခ်ကို အေဂျက်စ်အသင်းမှာ ရှိနေစဉ်ကတည်းက ရီးယဲလ်မက်ဒရစ်ကနေ စိတ်ဝင်စားနေခဲ့တာကြောင့် ဗာရန်းကို ယူနိုက်တက်ဘက်ကနေ ကမ်းလှမ်းရမှာ ဗန်ဒယ်ဘိခ်ကိုပါ အလိုက်ပေးစေချင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်အသင်းက မနှစ်ကမှ ခေါ်ယူထားတဲ့ ဗန်ဒယ်ဘိခ်ကို အသင်းကနေ ပြန်လည်ရောင်းထုတ်သွားဖို့ ဆန္ဒမရှိပဲ ပေါင်သန်း(၅၀)ဝန်းကျင်လောက်နဲ့သာ ကမ်းလှမ်းမှုကို လုပ်ဆောင်သွားဖွယ် ရှိနေပါတယ်။