MySport Myanmar

ဘာနေဗျူးမှာ အယ်လ်နာဆာနဲ့ ခြေစမ်းပွဲ ကစားသွားဖို့ စီစဉ်နေတဲ့ ရီးယဲလ် မက်ဒရစ်

ရီးယဲလ် မက်ဒရစ်အသင်းဟာ သူတို့ရဲ့ အိမ်ကွင်းဖြစ်တဲ့ ဘာနေဗျူးကွင်းကြီး ဖွင့်ပွဲအဖြစ် ကစားသမားဟောင်း ခရစ္စတီယာနို ရော်နယ်လ်ဒို ပါဝင်ကစားနေတဲ့ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းနဲ့ ခြေစမ်းပွဲ ကစားသွားဖို့ တောင်းဆိုမှု ပြုလုပ်ထားတယ်လို့ သိရပါတယ်။

ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းဟာ ရော်နယ်လ်ဒိုလို လက်ရှိ ဘောလုံးလောကရဲ့ GOAT တစ်ဦးကို ခေါ်ယူခဲ့ပြီးတဲ့နောက် အသင်းရဲ့ ကျော်ကြားမှုက တဟုန်ထိုး မြင့်တက်လာခဲ့တဲ့အပြင် ရော်နယ်လ်ဒို နောက်ပိုင်းမှာလည်း ဆော်ဒီကလပ်တွေဆီ နာမည်ကျော် ထိပ်တန်း ကစားသမားတွေပါ ပြောင်းရွှေ့လာခဲ့ပါတယ်။

Photo Credit : myKhel

ဒါကြောင့်လည်း ရော်နယ်လ်ဒိုက သူဟာ ဆော်ဒီလိဂ်ရဲ့ အဆင့်အတန်းကို မြင့်မားလာအောင် စတင် ဆောင်ရွက်ခဲ့သူလို့ အမြဲတမ်း ထုတ်ဖော် ပြောကြားလေ့ရှိသလို ဆော်ဒီလိဂ်ဟာလည်း ပြင်သစ်လီဂူးဝမ်း အမှတ်ပေးပြိုင်ပွဲထက် ပိုကောင်းတယ်လို့ပါ ပြောဆိုခဲ့ပါသေးတယ်။

အခုလည်း ရော်နယ်လ်ဒိုရဲ့ အယ်လ်နာဆာအသင်းနဲ့ ခြေစမ်းပွဲ ကစားဖို့အတွက် ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အရှင်သခင်ကြီးဖြစ်တဲ့ ရီးယဲလ် မက်ဒရစ်အသင်းကပါ သူတို့ရဲ့ အိမ်ကွင်း ဆန်တီယာဂို ဘာနေဗျူးကွင်းကြီးမှာ ခြေစမ်းပွဲ ကစားသွားဖို့အတွက် တောင်းဆိုထားခဲ့ပါတယ်။

Photo Credit : Clutch Points

တကယ်လို့ ဒီပွဲသာ စီစဉ်ဖြစ်မယ်ဆိုရင်တော့ အယ်လ်နာဆာမှာရော ရီးယဲလ်မှာပါ ပါဝင်ကစားခဲ့ဖူးတဲ့ ရော်နယ်လ်ဒိုအနေနဲ့ အယ်လ်နာဆာအတွက်ရော ရီးယဲလ်အတွက်ပါ တစ်ဖက် (၄၅)မိနစ်ခန့် ပါဝင်ကစားသွားဖို့လည်း ရှိနိုင်တယ်လို့ သိရပါတယ်။

တကယ်လို့ ဒီခြေစမ်းပွဲက ကျင်းပဖြစ်မယ်ဆိုရင်တော့ ယူရို-၂၀၂၄ ပြိုင်ပွဲကြီးအပြီး ရာသီကြို ပွဲစဉ်အဖြစ် ကစားသွားဖို့ ရှိနေသလို ရော်နယ်လ်ဒိုအနေနဲ့လည်း သူရဲ့ ဒုတိယမြောက်အိမ်လို ဖြစ်ခဲ့တဲ့ ဘာနေဗျူးကွင်းဆီမှာ ပြန်လည် ကစားနိုင်တော့မှာပဲ ဖြစ်ပါတယ်။

Exit mobile version