ဥရောပထိပ်သီး ကလပ်အသင်းကြီးတစ်သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းကတော့ လာမယ့်နှစ် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ ဖောင်းပွလို့နေတဲ့ သူတုုိ့အသင်းရဲ့လူစာရင်းကို (၂၅)ယောက်အထိ လျော့ချနိုင်ဖို့အတွက် နွေစျေးကွက်အတွင်းမှာ အသင်းက ကစားသမား(၁၂)ယောက်အထိကိုတောင် ရောင်းချဖို့ရှိနေတယ်လို့ The Sun သတင်းမီဒီယာကြီးကနေ ဖော်ပြလာခဲ့ပါတယ်။ ဒီလို အစီအစဉ်တွေကြောင့် ရီးရဲလ်အသင်းကနေ လူကာမိုဒရစ် ဂါရတ်ဘေးလ်နဲ့ ဂျိမ်းစ်ရိုဒရီဂွတ်ဇ်တို့လို ထိပ်သီးကစားသမားတွေအများအပြား ထွက်ခွာသွားရဖွယ်ရှိနေပါတယ်။

Photo Credit : Marca

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ စီနီယာကစားသမားဦးရေပေါင်း အယောက်(၃၇)ယောက်နဲ့ ဖြတ်သန်းနေရတာဖြစ်လို့ ကစားသမားတချို့ဆိုရင် အခုချိန်ထိ ပွဲထွက်ခွင့်တွေ လောက်လောက်ငှငှ မရသေးပဲရှိနေတာကြောင့် လာမယ့်ရာသီမှာ ကစားသမား(၁၂)ဦးလောက်အထိကို အသင်းကနေ ရောင်းချဖို့ပြင်ဆင်လာခဲ့ရတာဖြစ်ပါတယ်။ ဒီလို အသင်းကနေ ရောင်းထုတ်ခံရဖွယ်ရှိနေတဲ့ ကစားသမားတွေထဲမှာ ဘေးလ် မိုဒရစ် ဂျိမ်းစ်ရိုဒရီဂွတ်ဇ် မာရီယာနိုဒီယက်ဇ် လူးကပ်စ်ဗက်ဇ်ကေး လူကာဂျိုဗစ် စီဘယ်ယို့စ် ဟာခီးမီး အော်ဒီဂွာတို့လို ကစားသမားကောင်းတွေပါ ပါဝင်လျက်ရှိနေပါတယ်။

Photo Credit : Saudi 24 News

ရီးရဲလ်အသင်းဟာ အသင်းကနေ အငှားချထားခဲ့တဲ့ ကစားသမားတွေဖြစ်သော စီဘယ်ယို့စ် ဗယ်လီဂျို အော်ဒီဂွာ ရယ်ဂီလွန်နဲ့ ဟားခီးမီးတို့အားလုံးကို လာမယ့်နွေစျေးကွက်အတွင်းမှာ အသင်းကနေ အပြီးသတ်ရောင်းထုတ်ဖို့ရှိနေပြီး အာဆင်နယ်မှာ အငှားနဲ့ သွားရောက်ကစားနေတဲ့ ကွင်းလယ်လူစီဘယ်ယို့စ်က ဘက်တစ်အသင်းဆီ ရောက်ဖွယ်ရှိသလို နောက်ခံအစွန်လူ ဟာခီးမီးကတော့ ချယ်လ်ဆီးအသင်းဆီရောက်ဖို့ နီးစပ်လို့နေပါတယ်။ အသင်းရဲ့ ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ဂါရတ်ဘေးလ် မိုဒရစ်နဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်တို့လို ကမ္ဘာ့အဆင့်ရှိ ကစားသမားကြီးတွေကတော့ ဥရောပထိပ်သီးအသင်းတစ်သင်းဆီ ပြောင်းရွှေ့ဖွယ်ရှိနေသလို ဒီနှစ်မှ ဖရန့်ဖတ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဆာဘီးယားတိုက်စစ်ကစားသမားလေး လူကာဂျိုဗစ်ကတော့ ပရီးမီးယားလိဂ်အသင်းတစ်သင်းသင်းဆီကို အငှား ဒါမှမဟုတ် အပြီးသတ်ရောင်းချဖွယ်ရှိလို့နေပါတယ်။