ပြီးခဲ့တဲ့ Weekend အတွင်းမှာ အသင်းနဲ့ ပွဲဦးထွက်ပြီး သွင်းဂိုးတွေ စတင်သွင်းယူနိုင်ခဲ့တဲ့ ကစားသမားတွေ အများအပြား ပေါ်ထွက်လာခဲ့ရသလို စပိန်လာလီဂါဘက်မှာဆိုရင်လည်း နွေစျေးကွက်အတွင်းမှာ ကလပ်အသင်းများစွာနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးမှ စျေးကွက်ပိတ်ခါနီးမှာ ရီးယဲလ်မက်ဒရစ်အသင်းဆီ ရောက်ရှိလာခဲ့တဲ့ ဆယ်ကျော်သက် ကွင်းလယ်ကစားသမားလေး ကာမာဗင်ဂါဟာလည်း အသင်းနဲ့ ပွဲဦးထွက်ပြီး မိနစ်လေးပိုင်းအတွင်းမှာပဲ သူရဲ့ရီးယဲလ်ကစားသမားဘဝ ပထမဆုံးသွင်းဂိုးကိုပါ သွင်းယူနိုင်ခဲ့ပါသေးတယ်။

Photo Credit : Twitter

အသက်(၁၈)နှစ်အရွှယ်သာ ရှိနေသေးတဲ့ ပြင်သစ်ကြယ်ပွင့် ဆယ်ကျော်သက် ကစားသမားလေး ကာမာဗင်ဂါဟာ လီဂူးကလပ် ရန်းစ်အသင်းကနေ ပေါ်ထွက်လာခဲ့တဲ့ အရည်အသွေးမြင့် ကွင်းလယ်လူတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်းမှာလည်း မန်ချက်စတာယူနိုက်တက် ချယ်လ်ဆီး ပီအက်စ်ဂျီအသင်းတွေနဲ့ သတင်းတွေ ဆက်တိုက်ထွက်ပေါ်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဘာပေကို ခေါ်ယူဖို့အတွက် လက်လျှော့ခဲ့ရတဲ့ ရီးယဲလ်မက်ဒရစ်အသင်းက စျေးကွက်ပိတ်သိမ်းခါနီးမှာ ကာမာဗင်ဂါကို ရန်းစ်ကနေ အရခေါ်ယူနိုင်ခဲ့ပြီး ဆယ်လ်တာဗီဂိုအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ လာလီဂါပွဲစဉ်မှာပါ သူ့ကို လူစားဝင် ကစားသမားအဖြစ်နဲ့ စတင်အသုံးပြခဲ့ရာ ကာမာဗင်ဂါကလည်း သူရဲ့ပွဲဦးထွက်ကို သွင်းဂိုးတစ်ဂိုးနဲ့ပါ ဖွင့်လှစ်ပြခဲ့ပါတယ်။

Photo Credit : Twitter

ကျောနံပါတ်(၂၅)ကို ဝတ်ဆင်ထားခဲ့ရတဲ့ ကာမာဗင်ဂါဟာ ဒုတိယပိုင်း ပွဲကစားချိန် (၆၆)မိနစ်မှာ အီဒင်ဟာဇက်နဲ့ လူစားလဲပြီး အသင်းအတွက် ပွဲဦးထွက်အဖြစ် ပါဝင်ကစားခွင့် ရရှိခဲ့ပြီးနောက် (၆)မိနစ်အကြာမှာပဲ သူရဲ့ ပထမဦးဆုံး လာလီဂါသွင်းဂိုးကို စတင်ရရှိခဲ့ပါတယ်။ ခရိုအေးရှား ဝါရင့်ကွင်းလယ်လူကြီး လူကာမိုဒရစ်ရဲ့ ဂိုးကန်သွင်းမှုကို ဆယ်လ်တာဂိုးသမား ဟန့်တားရာကနေ ပြန်ထွက်လာတာကို ကာမာဗင်ဂါက ပိတ်သွင်းပြီး အသင်းအတွက် စတုတ္ထဂိုး ဖြစ်လာစေခဲ့ရပါတယ်။ ကာမာဗင်ဂါဟာ ရီးယဲလ်အတွက် မိနစ်ပိုင်းလောက်သာ ကစားခဲ့ရပေမယ့်လည်း သူရဲ့လက်ရှိ အသက်အရွှယ်နဲ့ မလိုက်အောင်ပဲ အသင်းမှာ ခပ်မြန်မြန် အံ့ဝင်အောင် ကစားနိုင်ခဲ့ပြီး အသင်းအတွက် အနိုင်သေချာစေနိုင်လောက်တဲ့ သွင်းဂိုးကိုပါ သွင်းယူနိုင်ခဲ့ပါသေးတယ်။ ကာမာဗင်ဂါရဲ့ စွမ်းဆောင်ရည်တွေကြောင့် ရီးယဲလ်ရဲ့ ကွင်းလယ်ပိုင်းက အရင်ကထက် ပိုမိုအားကောင်းလာနိုင်ပြီး အသက်အရွှယ် ကြီးရင့်လာတဲ့ အသင်းရဲ့ ကွင်းလယ်လူ မိုဒရစ်ရဲ့နေရာအတွက်ကိုလည်း ရေရှည်အစားထိုးနိုင်ဖွယ် ရှိနေရပါတယ်။