ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဘရာဇီးလ် တိုက်စစ်မှူးဟောင်းကြီး ရော်နယ်လ်ဒိုနာဇာရီယိုက လက်ရှိ အသင်းမှာ ဂိုးတွေသွင်းယူပြီး အကောင်းဆုံး ခြေစွမ်းပြသလို့နေတဲ့ တိုက်စစ်ကစားသမား ကာရန်ဘန်ဇီမာဟာ ၂၀၂၂ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ဆုကို ဆွတ်ခူးဖို့ ထိုက်တန်မှု ရှိတယ်လို့ ထောက်ခံပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Twitter

ပြင်သစ် ဝါရင့်တိုက်စစ်မှူးကြီး ဘန်ဇီမာဟာ ဒီနှစ်ဘောလုံးရာသီမှာ သူရဲ့ရီးယဲလ်အသင်းအတွက် လာလီဂါသွင်းဂိုး (၂၄)ဂိုးနဲ့ ချန်ပီယံလိဂ်သွင်းဂိုး (၁၁)ဂိုး အပါအဝင် ပြိုင်ပွဲစုံမှာ သွင်းဂိုး(၃၈)ဂိုးထိ သွင်းယူထားနိုင်ခဲ့သလို သူရဲ့သွင်းဂိုးတွေနဲ့ပဲ အသင်းကို ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်မှာ လက်ရှိချန်ပီယံ ချယ်လ်ဆီးအသင်းကို ကျော်ဖြတ်နိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီရာသီအတွင်း (၃၈)ပွဲမှာ သွင်းဂိုး(၅၁)ဂိုးထိ ပါဝင်ပတ်သက်ထားနိုင်တဲ့ ဘန်ဇီမာကို ရီးယဲလ်မှာ (၅)နှစ်တာလောက် ကျင်လည်ခဲ့ပြီး လက်ရှိမှာ ဘောလုံးသမားဘဝကနေ အနားယူထားတဲ့ ရော်နယ်လ်ဒိုက အခုနှစ်ရဲ့ ဘာလွန်းဒေါဆုနဲ့ အလိုက်ဖက်ဆုံး ကစားသမားလို့ သတ်မှတ်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Twitter

ဘန်ဇီမာနဲ့ပတ်သက်ပြီး ရော်နယ်လ်ဒိုက “ဘန်ဇီမာက Ballon d’Or ဆုနဲ့ ထိုက်တန်မှု ရှိပါတယ်။ ငါ ဒါကို နှစ်တွေနဲ့ချီပြီး ပြောခဲ့ဖူးသလို ဒီလို ပြောလို့လည်း ဝေဖန်ခံခဲ့ရသေးတယ်။ ဒါပေမယ့် အခု သူက ဒီဆုနဲ့ ထိုက်တန်မှု ရှိနေပါပြီ။ သူက တကယ့်ကို ကောင်းမွန်တဲ့ ရှေ့တန်းကစားသမားတစ်ယောက်ပါ” လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။ ဘရာဇီးလ် ဂန္တဝင် တိုက်စစ်မှူးဟောင်းကြီး ရော်နယ်လ်ဒိုဟာ ဘောလုံးသမားဘဝမှာပဲ Ballon d’Or ဆုကို (၂)ကြိမ်တိုင်တိုင် ဆွတ်ခူးခဲ့ဖူးသူဖြစ်လို့ ဒီဆုပေးပွဲနဲ့ ပတ်သက်ဆက်နွယ်တဲ့ ကိစ္စရပ်များအကြောင်း ထင်မြင်ချက်ပေးရာမှာ ကျိုးကြောင်းဆီလျော်တဲ့ ရပ်တည်ချက်တွေ ရှိတတ်ပါတယ်။ အသက်(၃၄)နှစ်အရွှယ်ရှိ တိုက်စစ်မှူးကြီး ဘန်ဇီမာကတော့ Ballon d’Or လို ဆုကြီးမျိုးကို တစ်ကြိမ်တစ်ခါမှ မဆွတ်ခူးထားနိုင်ခဲ့ပဲ ဘာလွန်းဒေါ အဆင့်သတ်မှတ်ချက်မှာ အဆင့်(၄)နေရာကိုသာ အမြင့်မားဆုံး ရပ်တည်ချက်အဖြစ် ရပ်တည်နိုင်ခဲ့တာဖြစ်ပေမယ့် ဒီနှစ်ဆုပေးပွဲမှာတော့ ဘာလွန်းဒေါဆုကို ပထမဆုံးအကြိမ်အဖြစ် ဆွတ်ခူးနိုင်ဖို့ အခြေအနေကောင်းနေရပြီး ဒီရာသီအတွင်းမှာလည်း လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို ပိုင်ဆိုင်ရဖို့ တဖြည်းဖြည်း နီးစပ်လာခဲ့ပါတယ်။