မနေ့ညကပဲ အသင်းရဲ့နည်းပြဖြစ်သူ ဂျက်ဆီမက်ချ်ကို ရာထူးကနေ ထုတ်ပယ်လိုက်တဲ့ လိဒ်စ်ယူနိုက်တက်အသင်းဟာ အသင်းနည်းပြ ရာထူးအတွက် ရီးယဲလ်မက်ဒရစ်အသင်း legend ကစားသမားဟောင်းကြီး ရာအူးလ်ဂွန်ဇာလက်ဇ်ကို ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့် ရာအူးလ်ကတော့ ဒီကမ်းလှမ်းချပ်ကို ပယ်ချသွားခဲ့တယ်လို့ သိရပါတယ်။

Photo Credit : Managing Madrid

လိဒ်စ်အသင်းဟာ လတ်တလော အသင်းရဲ့ ရလဒ်တွေ ဆိုးရွားနေခြင်းကြောင့် အသင်းနည်းပြ ဂျက်ဆီမက်ချ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီး ယာယီနည်းပြအဖြစ် ခရစ္စအာမတ်စ်ကို တာဝန်ပေးထားပေမယ့် နည်းပြသစ်တစ်ဦးကိုတော့ ဆက်လက် ရှာဖွေလျက် ရှိနေတဲ့အပြင် ရီးယဲလ်မက်ဒရစ် အရန်အသင်းမှာ တာဝန်ယူနေတဲ့ ရီးယဲလ်ကစားသမားဟောင်းကြီး ရာအူးလ်ကိုပါ ဆက်သွယ်သွားခဲ့ပါတယ်။ စပိန်နိုင်ငံ အခြေစိုက် AS သတင်းစာရဲ့ ဖော်ပြချက်အရ လိဒ်စ်အသင်းဟာ ရာအူးလ်ကို သူတို့ရဲ့ နည်းပြသစ်အဖြစ် တွေ့မြင်သွားချင်ပေမယ့်လည်း အသက်(၄၅)နှစ်အရွယ်ရှိပြီဖြစ်တဲ့ နည်းပြရာအူးလ်ကတော့ ပယ်ချလို့သွားခဲ့ပါတယ်။

Photo Credit : The Real Champs

ရီးယဲလ်နဲ့ စပိန်လက်ရွေးစင်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီး ရာအူးလ်ဟာ ကစားသမားဘဝကနေ အနားယူပြီးနောက်ပိုင်းမှာ နည်းပြနယ်ပယ်ထဲကို တဖြည်းဖြည်း ဝင်ရောက်လာခဲ့ပြီး အသင်းဟောင်း ရီးယဲလ်ရဲ့ လူငယ်အသင်းနဲ့ အရန်အသင်းနည်းပြတွေ ဖြစ်လာခဲ့ရပါတယ်။ ရီးယဲလ်လူငယ်အသင်းကို ကိုင်တွယ်ခဲ့စဉ်တုန်းက UEFA Youth Cup ဆိုတဲ့ လူငယ် ချန်ပီယံလိဂ်ဖလားကို ရယူပေးနိုင်ခဲ့သလို အခုလည်း ရီးယဲလ်အရန်အသင်းကိုပါ (၁၆)ပွဲဆက်တိုက်အထိ ရှံးပွဲမရှိအောင် စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။ နည်းပြတစ်ဦးအဖြစ် ၂၀၁၉ခုနှစ်ကမှ စတင် ကျင်လည်ခဲ့တာဖြစ်သလို အသင်းကြီးတွေကို ကိုင်တွယ်ထားဖူးတဲ့ အတွေ့အကြုံမျိုး မရှိသေးတဲ့ ရာအူးလ်က လိဒ်စ်အသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ကာ သူ့အနေနဲ့ ဒီလို ကမ်းလှမ်းမှုတွေကို လက်ခံသွားဖို့ အချိန်မကျသေးကြောင်း တုံ့ပြန်သွားခဲ့ပါတယ်။ ဒါ့အပြင် ရီးယဲလ်အသင်းဟာလည်း လက်ရှိ အသင်းရဲ့ နည်းပြကြီး ကားလို့အန်စလော့တီနဲ့ လက်တွဲဖြုတ်ရလာခဲ့ရင် အန်စလော့တီနေရာမှာ အစားထိုးသွားဖို့အတွက် ရာအူးလ်ကို ပစ်မှတ်ထားလို့နေပြီး ရာအူးလ်ရဲ့အသင်းဖော်ဟောင်း ဇီဒန်းမှာလည်း ရီးယဲလ်ရဲ့ လူငယ်နည်းပြ လက်ထောက်နည်းပြကနေ အသင်းနည်းပြ ဖြစ်လာရင်း အောင်မြင်မှုတွေ ရယူနိုင်ခဲ့တာဖြစ်လို့ ရာအူးလ်ကိုလည်း ဇီဒန်းလို အသင်းမှာ ရာထူးအကြီးကြီး ပေးသွားဖွယ် ရှိနေရပါတယ်။