ကျွန်တော်အတွက် အရမ်းကို ထူးဆန်းအံ့သြစေခဲ့တဲ့ ကစားသမားတွေထဲမှာ ဖယ်ကီအာ အပါအဝင်ပါပဲ။ ဘောလုံးကစားဟန် အလွန်ထူးချွန်သလို ပြင်သစ်လက်ရွေးစင်အသင်းနဲ့လည်း ၂၀၁၈ ကမ္ဘာ့ဖလားကြီးကို ပိုင်ဆိုင်ခဲ့ဖူးတဲ့ သူ့လိုကစားသမားမျိုးက လီဗာပူးလ်လို အသင်းကြီးတစ်သင်းဆီကို ရောက်ရှိသွားဖို့ အလွန်ကိုနီးစပ်ခဲ့ပေမယ့် တကယ်တမ်းကြတော့ သူရောက်ရှိသွားခဲ့တာက လိုင်ယွန်အသင်းထက် တစ်ဆင့်လောက်နိမ့်ကျနေတဲ့ ရီးရဲလ်ဘက်တစ်လို အသင်းမျိုးဆီကိုပါ။ အခုတော့ ဒီကစားသမားအနေနဲ့ လူမှန်နေရာမှန်ကို ပြန်လည်ရောက်ရှိနိုင်မယ့် အခွင့်အရေးကောင်းတစ်ခုကို ပိုင်ဆိုင်နေရပြီပဲဖြစ်ပါတယ်။

အသက်၂၆နှစ်အရွှယ်ရှိ ပြင်သစ်ကွင်းလယ်တိုက်စစ်ကစားသမား ဖယ်ကီအာဟာ လိုင်ယွန်အသင်းကနေ ဘက်တစ်အသင်းကို ပြောင်းရွှေ့ကစားခဲ့တာ အတော်လေးအံ့အားသင့်စရာဖြစ်ခဲ့ပေမယ့် အခြားအသင်းကြီးတွေကို ရွေးချယ်တာထက် ဘက်တစ်လို အသင်းမျိုးကို ရွေးချယ်ခဲ့တာလည်း သူ့အတွက်တော့ ပုံမှန်ပွဲထွက်ကစားခွင့်ရခဲ့သလို ခြေစွမ်းတွေလည်း ပြသနိုင်ခဲ့ပါတယ်။ အခုဆိုရင် ဒီလိုခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ ဖယ်ကီအာကို ရီးရဲလ်မက်ဒရစ်လို အသင်းကြီးမျိုးကတောင် ခေါ်ယူသွားဖို့ စိတ်ဝင်စားမှုတွေ စတင်ပြသလာခဲ့ပါတယ်။

ဖယ်ကီအာဟာ သိပ်မကြာသေးခင်ကမှ ရီးရဲလ်မက်ဒရစ်နဲ့ ရီးရဲလ်ဘက်တစ်အသင်းတို့ရဲ့ စပိန်လာလီဂါပွဲစဉ်မှာ ပါဝင်ကစားခဲ့ရင်းနဲ့ ဘက်တစ်အသင်းအတွက် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သလို ရီးရဲလ်ကိုလည်း အနိုင်ယူနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ရီးရဲလ်အသင်းဥက္ကဌပီရက်ဇ်က လာမယ့်နွေရာသီစျေးကွက်မှာ ဖယ်ကီအာကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားလာခဲ့သလို ရီးရဲလ်နည်းပြဇီဒန်းကလည်း သူရဲ့တစ်နိုင်ငံတည်းသားကို အသင်းဆီ ခေါ်ဆောင်စေချင်လာခဲ့ပါတယ်။ ဖယ်ကီအာဟာ စပါးအသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ ဘက်တစ်ကွင်းလယ်လူ လိုဆယ်ဆိုရဲ့နေရာအတွက် အစားထိုးဖို့ ရောက်ရှိလာခဲ့သူဖြစ်ပြီး လက်ရှိမှာလည်း ဘက်တစ်အသင်းရဲ့အရေးအပါဆုံးသော ကစားသမားတစ်ယောက်အဖြစ် ရပ်တည်လို့နေသူဖြစ်ပါတယ်။