MySport Myanmar

ဂျာမနီ ယူ-၂၁ တိုက်စစ်မှူးကို ချယ်လ်ဆီးနဲ့အပြိုင် ရီးယဲလ်ကပါ စိတ်ဝင်စားလာ

ဥရောပရဲ့ အင်အားကြီးကလပ်တွေဖြစ်တဲ့ ရီးရဲလ် မက်ဒရစ်နဲ့ ချယ်လ်ဆီးအသင်းတို့က စတုဂတ်အသင်းရဲ့ အရပ်မြင့်မြင့်တိုက်စစ်မှူး နစ်ခ် ဝေါလ်တီမိတ်ကို ခေါ်ယူဖို့ အပြိုင်စိတ်ဝင်စားနေကြပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိတဲ့ ဝေါလ်တီမိတ်ဟာ လက်ရှိကျင်းပနေတဲ့ ဥရောပ ယူ-၂၁ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဂျာမနီအသင်းနဲ့အတူ ခြေစွမ်းအကောင်းဆုံးပြသနေပြီး ပြိုင်ပွဲတစ်လျှောက် သွင်းဂိုး ၆ ဂိုးအထိ သွင်းယူထားပါတယ်။ အထူးသဖြင့် ဆလိုဗေးနီးယားကို ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဟက်ထရစ်ညသွင်းယူနိုင်ခဲ့တာကြောင့် ဥရောပ ထိပ်တန်းကလပ်တွေရဲ့ အာရုံစိုက်မှုကို ရုတ်တရက်ရရှိလာခဲ့တာဖြစ်ပါတယ်။

Photo Credit : Goal

ကလပ်အသင်းဖြစ်တဲ့ စတုဂတ်မှာလည်း ပြီးခဲ့တဲ့ ဘွန်ဒစ်လီဂါရာသီမှာ ပြိုင်ပွဲအရပ်ရပ် ၂၈ ပွဲ ပါဝင်ကစားခဲ့ပြီး ၁၂ ဂိုးအထိ သွင်းယူကာ ခြေစွမ်းပြသထားပါတယ်။

ဝေါလ်တီမိတ်ရဲ့ အထူးခြားဆုံးအရည်အသွေးတွေထဲကတစ်ခုကတော့ သူ့ရဲ့ အရပ်အမောင်းပါပဲ။ အရပ် ၆ ပေ ၆ လက်မအထိရှိတာကြောင့် သူ့ကို “Towering Striker” အရပ်မြင့်တဲ့ တိုက်စစ်မှူးလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ဒီလိုထူးခြားတဲ့ အရပ်အမောင်းနဲ့ ဂိုးသွင်းစွမ်းရည်ကြောင့် ရီးရဲလ်နဲ့ ချယ်လ်ဆီးတို့အပြင် ဘိုင်ယန်မြူးနစ်ကပါ သူ့ကို စောင့်ကြည့်နေပါတယ်။

Photo Credit : Goal

ဝေါလ်တီမိတ်ဟာ စတုဂတ်အသင်းကို ရောက်ရှိလာတာ တစ်ရာသီပဲရှိသေးပြီး အရင်က ဝါဒါဘရီမင်အသင်းမှာ လေးနှစ်ကြာ ကစားခဲ့ပါတယ်။ ဘရီမင်မှာရှိစဉ်ကတော့ အသင်းကြီးအတွက် စီနီယာသွင်းဂိုး ၂ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပါတယ်။

ဝေါလ်တီမိတ်ရဲ့ ဂျာမနီ ယူ-၂၁ အသင်းဟာ ဥရောပ ယူ-၂၁ ချန်ပီယံရှစ်ဗိုလ်လုပွဲအဖြစ် အင်္ဂလန် ယူ-၂၁ အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။ အင်္ဂလန်အသင်းက ဆီမီးဖိုင်နယ်မှာ နယ်သာလန်ကို အနိုင်ယူပြီး ဖိုင်နယ်ဆီ တက်ရောက်လာခဲ့တာပါ။ ဒီဖိုင်နယ်ပွဲက ဝေါလ်တီမိတ်အတွက် သူ့ရဲ့တန်ဖိုးကို ထပ်မံသက်သေပြနိုင်မယ့် အခွင့်အရေးတစ်ခုလည်း ဖြစ်လာဦးမှာပါ။

Exit mobile version