စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် အဓိက တိုက်စစ်မှူးလည်း ဖြစ်တဲ့ ကာရင် ဘန်ဇီမာကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်က လီဗာပူးကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူကာ ချန်ပီယံလိဂ် ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ပြီးနောက် သူတို့အသင်းဟာ ကမ္ဘာ့အကောင်းဆုံး အသင်းပါလို့ ကြွေးကြော်သွားပါတယ်။

လာလီဂါ ချန်ပီယံ ရီးရဲလ်မက်ဒရစ်နဲ့ ဖလားနှစ်လုံးပိုင်ရှင် လီဗာပူးတို့ဟာ ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ခြေစွမ်းပိုင်း အတည်ငြိမ်ဆုံး အသင်းနှစ်သင်း ဖြစ်ကြပြီး သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံတဲ့ ဗိုလ်လုပွဲကလည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို အတော်လေး ရရှိခဲ့ပါတယ်။

Photo Credit: Mirror

ပဲရစ်မြေမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ လတ်တလော ခြေစွမ်းပိုင်းအရ အသာရနေတဲ့ လီဗာပူးကသာ ပွဲကို စိုးမိုးနိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်း အဖြစ် မှတ်တမ်းဝင်ထားတဲ့ ရီးရဲလ်မက်ဒရစ်က သူတို့ဟာ ဘာကြောင့် ချန်ပီယံလိဂ် ဆုဖလားကို အကြိမ်ရေ အများဆုံး ဆွတ်ခူးထားနိုင်ခဲ့တာလဲ ဆိုတာကို အကောင်းမွန်ဆုံး ခံစစ် ကစားပုံတွေ ၊ ဗျူဟာမြောက်တဲ့ တိုက်စစ်ဆင်မှုတွေနဲ့ အတူ ပြသသွားခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ လီဗာပူးက ရီးရဲလ်မက်ဒရစ်ဘက်ကို ပွဲစပွဲဆုံး တရစပ် တိုက်စစ်ဆင် ကစားသွားခဲ့သလို အပိုင်ဂိုးသွင်းခွင့်တွေလည်း အများအပြား ရခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ် ဂိုးသမား ကော်တွိုက်စ်ရဲ့ လက်စွမ်းတွေက အတော်လေးကို အံ့အားသင့်စရာ ကောင်းခဲ့ပြီး ရီးရဲလ်မက်ဒရစ် အတွက် အဖိုးတန် အနိုင်ဂိုးကိုတော့ ပွဲကစားချိန် ၅၉မိနစ်မှာ ဗင်နီးစီးယပ် ဂျူနီယာက သွင်းယူပေးခဲ့တာပါ။

Photo Credit: Mirror

လီဗာပူးအား အနိုင်ယူကာ ချန်ပီယံလိဂ် ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်ရဲ့ အသင်းခေါင်းဆောင် တိုက်စစ်မှူး ကာရင် ဘန်ဇီမာက သူတို့ဟာ ကမ္ဘာ့အကောင်းဆုံးအသင်း ဖြစ်ကြောင်း နောက်ထပ်တကြိမ် ထပ်မံ သက်သေပြနိုင်ခဲ့ပြီလို့ ကြွေးကြော်သွားခဲ့ပါတယ်။

ဘန်ဇီမာက – “ကျွန်တော်တို့က ကမ္ဘာ့အကောင်းဆုံးအသင်း ဆိုတာ နောက်ထပ်တကြိမ် ထပ်ပြီး သက်သေပြနိုင်ခဲ့ပါပြီ။ ဒီရာသီက ကျွန်တော်တို့ အတွက် အတော်လေး ခက်ခဲခဲ့တဲ့ ဘောလုံးရာသီ တခု ဖြစ်ခဲ့ပေမယ့် အဆုံးသတ်မှာတော့ ကျွန်တော်တို့က ချန်ပီယံလိဂ်နဲ့ ထိုက်တန်ကြောင်းကို သက်သေပြနိုင်ခဲ့ပါတယ်။ ဒီပွဲက ကျွန်တော်တို့ အတွက် အတော်ကို ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က လူတိုင်းကို ကျွန်တော်တို့တွေ မကျဆုံးသေးဘူး ဆိုတာကို သက်သေပြနိုင်ခဲ့သလို ပွဲကိုလည်း အနိုင်ရခဲ့ပါတယ်။ ဗိုလ်လုပွဲ တပွဲကို အနိုင်ရဖို့ ဆိုရင် အစွမ်းကုန် ကြိုးစားမှုတွေ ၊ ပင်ပန်းနွမ်းနယ်မှုတွေ လိုအပ်ပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။