စပါးအသင်းနဲ့ လက်တွဲဖြုတ်ခဲ့ပြီးနောက်ပိုင်းကတည်းက အခုချိန်ထိ အသင်းလက်မဲ့ဖြစ်လို့နေတဲ့ နာမည်ကျော် အာဂျင်တီးနားလူမျိုး ဘောလုံးနည်းပြ မာရီစီယိုပိုချက်တီနိုက ဘာစီလိုနာအသင်းနဲ့ ထွက်ပေါ်ခဲ့တဲ့ ကောလဟာလသတင်းတွေအကြောင်းအပေါ် ပြန်လည်ဖြေရှင်းချက်ပေးခဲ့တဲ့အပြင် အနာဂတ်ကာလအတွင်းမှာလည်း ဘာစီလိုနာရဲ့ခါးသီးပြိုင်ဘက်ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဆီ နည်းပြအဖြစ် လာရောက်နည်းပြသွားဖို့ စိတ်ကူးထားတယ်လို့ ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

ပိုချက်တီနိုဟာ သူရဲ့အသင်းဟောင်းစပါးနဲ့ လက်တွဲဖြုတ်ပြီးနောက်ပိုင်းကတည်းက ဥရောပအင်အားကြီးအသင်းတွေနဲ့ ဆက်တိုက်သတင်းထွက်ခဲ့သလို ပိုင်ရှင်အပြောင်းအလဲဖြစ်ဖို့ တာဆူခဲ့သေးတဲ့ နယူးကာဆဲလ်နဲ့ပါ ကောလဟာလတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ ဒါ့အပြင် သူရဲ့အသင်းဟောင်းဖြစ်တဲ့ အက်စပန်ညိုရဲ့မြို့ခံအသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းနဲ့ပါ သတင်းတွေ ထွက်ခဲ့တဲ့အပေါ် ပိုချက်တီနိုက “သူတို့တွေက ကျွန်တော့်ကို ဘာစီလိုနာအသင်းမှာ နည်းပြပေးဖို့အတွက် မကမ်းလှမ်းခဲ့ပါဘူး။ ကျွန်တော်ကိုယ်ကျွန်တော်လည်း ဘာတိုမူနဲ့ အလုပ်တွဲလုပ်ဖြစ်မယ်လို့ မမြင်မိပါဘူး”

Photo Credit : Sky Sports

“ကျွန်တော် ရာမွန်ပလာနက်စ်(ဘာစီလိုနာအသင်းရဲ့အားကစားဒါရိုက်တာအသစ်)နဲ့ ညစာအတူစားခဲ့တာတော့ မှန်ပါတယ်။ ဒါပေမယ့် ပလာနက်စ်နဲ့ ကျွန်တော်က ဟိုးယခင်ကတည်းက ခင်မင်လာခဲ့သူတွေပါ။ အက်စပန်ညိုမှာကတည်းက ခင်မင်မဲ့သူတွေမို့ပါ” လို့ Marca သတင်းစာရဲ့ အင်တာဗျူးမှာ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် ပိုချက်တီနိုက “ကျွန်တော် သူတို့ကို နည်းနည်းရွဲ့မိလိုက်တယ်ထင်တယ်ဗျ။ ကျွန်တော် စပါးအသင်းကို ပြောင်းခါစတုန်းက ပထမဆုံးအကြိမ် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာ ဘာစီလိုနာအသင်းနဲ့ ထွက်ပေါ်နေတဲ့ ကောလဟာလအကြောင်းတွေကို မေးမြန်းခံရချိန် ကျွန်တော်ခပ်ပြင်းပြင်းလေး ပြန်လည်ဖြေဆိုခဲ့တယ်။ ကျွန်တော်ရဲ့ဖြေဆိုချက်က နည်းနည်းလွန်သွားခဲ့မယ်တော့ ထင်မိတယ်။ ဒါပေမယ့် ဒီအဖြေကိုတော့ အက်စပန်ညိုပရိသတ်တွေက သဘောကျမိလိမ့်မယ်ထင်တယ်” လို့ ပြောဆိုလိုက်ပါတယ်။ ပိုချက်တီနိုက သူ့ကို နွေစျေးကွက်အတွင်းမှာ ပီအက်စ်ဂျီ ဂျုဗင်တပ်စ် အင်တာမီလန်အသင်းတွေအပြင် ဘင်ဖီကာနဲ့ မိုနာကိုအသင်းတွေကပါ ခေါ်ယူဖို့အတွက် ဆက်သွယ်ခဲ့ကြသေးတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ပိုချက်တီနိုက “မက်ဒရစ်မှာ နည်းပြခွင့်ရနိုင်မလားဆိုတာ မသိသေးပေမယ့် မက်ဒရစ်မှာ နည်းပြဖို့ကတော့ ကျွန်တော်ရဲ့စိတ်ကူးအိမ်မက်ပါပဲ။ နည်းပြတိုင်းက ရီးရဲလ်အသင်းမှာ နည်းပြဖို့ စိတ်ကူးအိမ်မက်ရှိကြမှာပဲလေ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။