ရီးယဲလ်မက်ဒရစ်အသင်းဟာ အင်္ဂလန် ကြယ်ပွင့်ကစားသမားလေး ဂျူဒ်ဘယ်လင်ဟမ်ကို အသင်းဆီ အရ ခေါ်ယူနိုင်ဖို့အတွက် ပြောင်းရွှေ့ကြေး ယူရို (၁၀၃)သန်းအထိ အသုံးပြုထားခဲ့ရတာကြောင့် တန်ကြေး မြင့်မားလွန်းနေတဲ့ ဟာရီကိန်းကိုပါ ထပ်မံ ကြိုးပမ်းဖွယ် မရှိနိုင်တော့ဘူးလို့ သိရပါတယ်။

Photo Credit : Football365

ရီးယဲလ်အသင်းဟာ အသင်းမှာ (၁၄)နှစ်ကြာအထိ ပါဝင် ကစားခဲ့သူ ဝါရင့် တိုက်စစ် ကစားသမားကြီး ကာရန်ဘန်ဇီမာကို ဆော်ဒီကလပ် အယ်လ်အီတီဟတ်ဒ်အသင်းဆီ လက်လွတ်လိုက်ရပြီးနောက် အထောင် တိုက်စစ်နေရာအတွက် ကစားသမား ပြန်လည် အစားထိုးဖို့ လိုအပ်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အသင်းက ကွင်းလယ်ပိုင်းအတွက် အသင်းရဲ့ အဓိက ပစ်မှတ်လေး ဘယ်လင်ဟမ်ကို ပြောင်းရွှေ့ကြေး များစွာနဲ့ ဦးစားပေး ခေါ်ယူလိုက်တာကြောင့် တိုက်စစ်ပိုင်းအတွက် နောက်ထပ် ယူရို သန်း(၁၀၀)ခန့်လောက် သုံးစွဲပါ့ဦးမလားဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။

Photo Credit : Sporting News

ရီးယဲလ်က လက်ရှိမှာ ဘယ်ခြမ်းခံစစ် နေရာအတွက် အကယ်ဒမီထွက် ကစားသမားဟောင်း ဖာရန်ဂါဆီယာ နဲ့ အေစီမီလန်ဆီ အငှားချထားတဲ့ ဘရာဟင်ဒီးယက်ဇ်တို့ကို အသင်းဆီ ပြန်လည် ခေါ်ဆောင်ထားပြီးချိန် ဘယ်လင်ဟမ်ပါ ထပ်မံ အားဖြည့်လိုက်နိုင်တာကြောင့် တိုက်စစ်ပိုင်းအတွက်ကိုပဲ အပြည့်အဝ အာရုံစိုက်နိုင်ပါတော့တယ်။ လက်ရှိ ရီးယဲလ် စိတ်ဝင်စားနေတဲ့ တိုက်စစ်ကစားသမားထဲမှာ ဟာရီကိန်း မူအာနီ မာတီနက်ဇ်တိုု့လို ကစားသမားတွေက တန်ကြေး ယူရို သန်း(၁၀၀)နဲ့အထက်တွေ ဖြစ်နေသလို မာတီနက်ဇ် နဲ့ မူအာနီဆိုရင်လည်း အရွယ်ကောင်းတွေ ဖြစ်နေတာမို့ ပိုလို့တောင် ဈေးမြင့်နိုင်ပါတယ်။

အသက် (၂၉)နှစ် ရှိနေတဲ့ ကိန်းကလည်း စပါးအသင်းရဲ့ တန်ကြေး သတ်မှတ်မှု များပြားလွန်းနေတာကြောင့် သူ့ကို ခေါ်ယူနိုင်ဖို့ကလည်း ခက်ခဲနိုင်ပါတယ်။ ဒီလိုအချိန်မှာ ရီးယဲလ်က ဖာမီနို ဟိုဆေးလူတို့လို free agents strikers တွေ ဟာဗက်ဇ် နဲ့ အခြားသော ယူရို သန်း(၁၀၀)အောက် တိုက်စစ်မှူးတွေကိုသာ ချိတ်ဆက်လာဖွယ်လည်း ရှိနေပါတယ်။