ရီးယဲလ် မက်ဒရစ်အသင်းကတော့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လူငယ် ကြယ်ပွင့် ကစားသမားလေးတွေဖြစ်တဲ့ အလက်ဟန်ဒရို ဂါနာချိုနဲ့ ကိုဘီ မိန်းနူးတို့ နှစ်ဦးလုံးကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေတယ်လို့ စပိန်သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

ရီးယဲလ်နဲ့ ယူနိုက်တက်အသင်းတို့ဟာ အသင်းရဲ့ ကစားသမားတွေကို အမြဲတမ်း အပြောင်းအရွှေ့ လုပ်ဆောင်တက်ကြတဲ့ အသင်းတွေဖြစ်ပြီး ရီးယဲလ်ဟာလည်း ယူနိုက်တက်က ရော်နယ်လ်ဒို ဘက်ခမ်း နစ္စတဲလ်ရ်ွိုင်း အစရှိတဲ့ ကစားသမားကောင်းတွေကို ဆက်တိုက် ခေါ်ယူဖြစ်ခဲ့ပါတယ်။

Photo Credit : Eurosport

ရီးယဲလ်ကလည်း ဒီမာရီယာ ကက်စီမဲရိုး ဗာရန်းတို့လို ကစားသမားတွေကို ယူနိုက်တက်အသင်းဆီ ပြန်လည် ရောင်းချခဲ့ခြင်းတွေလည်း လုပ်ဆောင်ခဲ့ပါသေးတယ်။ အခုတော့ ယူနိုက်တက်ရဲ့ ဆယ်ကျော်သက် လူငယ်ကစားသမားလေး (၂)ဦးကို ရီးယဲလ်က စတင် စိတ်ဝင်စားလာခဲ့ပါတယ်။

ကနဦးပိုင်းမှာတော့ ရီးယဲလ်က ယူနိုက်တက်ရဲ့ အာဂျင်တီးနား တောင်ပံကစားသမား ဂါနာချိုကို စတင် မျက်စိကျလာခဲ့တာဖြစ်ပြီး မန်ချက်စတာမှာ ကစားရမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုကျော့ပွဲစဉ် နေ့ရက်မှာပဲ ဂါနာချိုရဲ့ အေးဂျင့်ဖြစ်သူနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ပါ ဆန္ဒရှိနေပါတယ်။

Photo Credit : Sky Sports

ဒါ့အပြင် ဒီရာသီမှ ယူနိုက်တက် စီနီယာအသင်းကြီးအတွက် စတင် ကစားပေးခွင့် ရရှိရင်း အဲရစ်ဆင် အမ်မရာဘတ်တို့ကိုပါ ကျော်လွန်ပြီး ပွဲကစားခွင့်တွေ ပိုမို ရရှိလာခဲ့တဲ့ ကွင်းလယ်ကစားသမား မိန်းနူးကိုလည်း ရီးယဲလ်အသင်းက စတင် စိတ်ဝင်စားလာခဲ့ပါတယ်။

အသက် ငယ်ရွယ်သေးပေမယ့် အရည်အသွေးကောင်းတွေကြောင့် အင်္ဂလန် လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံထားရတဲ့ မိန်းနူးကို ယူနိုက်တက်ဘက်က ကာလရှည် စာချုပ်သစ်တစ်ရပ် ချုပ်ဆိုသွားဖို့ စီစဉ်နေစဉ်အတွင်း ရီးယဲလ်အသင်းကလည်း မိန်းနူးအတွက် စိတ်ဝင်စားစရာကောင်းတဲ့ ကမ်းလှမ်းမှုတွေ ပြုလုပ်သွားဖို့ ရှိနေပါတယ်။