စပိန်အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ စောလျင်စွာ ထွက်ခွာခဲ့ရအပြီး မှာတော့ လာမယ့် ဘောလုံးရာသီမှာ ပိုမို ကောင်းမွန်တဲ့ လူစာရင်းကို ပိုင်ဆိုင်နိုင်အောင် စီးရီးအေကလပ် ဂျူဗင်တပ်အသင်းရဲ့ တိုက်စစ်မှူး ဒိုင်ဘာလာကို ခေါ်ယူဖို့ စတင် ကမ်းလှမ်းတော့မယ် လို့ သိရှိရပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းဟာ သူတို့အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဘန်ဇီမာ ၊ ဟာဇက် ၊ ဘေးလ် ၊ ဗီနီးစီးယပ်စ် ၊ ဂျိုတာ ၊ ရိုဒရီဂို စတဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားပေမယ့် ဘန်ဇီမာ ၊ ဟာဇက် စတဲ့ ကစားသမားတွေဟာ အသက်အရွယ် ရလာပြီ ဖြစ်သလို ဘေးလ်ဟာလည်း နည်းပြ ဇီဒန်းနဲ့ ဆက်ဆံရေး အဆင်မပြေတာကြောင့် အားကိုးရတဲ့ ကစားသမား တစ်ဦး လိုအပ်နေပါတယ်။

Photo Credit: Bein Sports

အသက်၂၆နှစ် အရွယ် တိုက်စစ်မှူး ဒိုင်ဘာလာ ကတော့ လက်ရှိ ဘောလုံးရာသီမှာ ဂျူဗင်တပ်အသင်း အတွက် အကောင်းဆုံး ခြေစွမ်းပြ ကစားထားနိုင်သူ ဖြစ်ပြီး စီးရီးအေပြိုင်ပွဲရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိထားသူပါ။ ဒါ့ကြောင့်ပဲ ကြယ်စင်စုအသင်းလို့ နာမည်ကြီးတဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒိုင်ဘာလာကို ခေါ်ယူဖို့ အတွက် မျက်စိကျလာတာ ဖြစ်ပြီး ဒိုင်ဘာလာကို ကျိန်းသေပေါက် ကမ်းလှမ်းမှုတွေ ပြုလုပ်တော့မယ် လို့ Sport Mediaset သတင်းဌာနက ဖော်ပြသွားပါတယ်။ ဒိုင်ဘာလာဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက ဂျူဗင်တပ်အသင်းနဲ့ အတူ စာချုပ်သက်တမ်း တိုးတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် နည်းပြအပြောင်းအလဲ ဖြစ်ပေါ်လာမှုနဲ့ အတူ သူ့ရဲ့ စာချုပ်ကိစ္စဟာလည်း ရပ်တန့် နေခဲ့ပါတယ်။

Photo Credit: Bein Sports

လက်ရှိမှာ ထွက်ပေါ်နေတဲ့ သတင်းတွေ အရတော့ ရီးရဲလ်မက်ဒရစ် အသင်းဟာ ဒိုင်ဘာလာ ကို ကစားသမား တစ်ဦး အလိုက်ပေးကာ ခေါ်ယူဖို့ စဉ်းစားနေတာ ဖြစ်ပြီး ကွင်းလယ်လူတွေ ဖြစ်တဲ့ တိုနီကရူးစ်နဲ့ အစ္စကို နှစ်ဦးထဲက တစ်ဦးကို အလိုက်ပေးမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။ ဒါ့အပြင် Sport Mediaset ရဲ့ ဖော်ပြမှုအရ ဒိုင်ဘာလာအတွက် ကမ်းလှမ်းမှုကို ပြုလုပ်ရာမှာ ရီးရဲလ်မက်ဒရစ် အသင်းဟာ စုစုပေါင်း တန်ကြေး ယူရို၁၀၀သန်း ရှိတဲ့ ကမ်းလှမ်းချက်နဲ့ ကမ်းလှမ်းမှာ ဖြစ်တယ်လို့ သိထားရပြီး ရီးရဲလ် မက်ဒရစ်အသင်းဟာ ကရူးစ်နဲ့ အစ္စကိုတို့ရဲ့ တန်ကြေးကို ယူရို၅၀သန်းစီ သတ်မှတ်ထားတာကြောင့် သူတို့နှစ်ဦးထဲက တစ်ဦးနဲ့အတူ ငွေသား အဖြစ် ယူရို၅၀သန်း ပါဝင်တဲ့ ကမ်းလှမ်းမှုနဲ့ ကမ်းလှမ်းသွားနိုင်တယ်လို့လည်း သိရှိရပါတယ် ခင်ဗျာ…။