ရက်ဘူးဆာလ်ဇ်ဘာ့ဂ်အသင်းနဲ့ ဟန်ဂေရီလက်ရွေးစင်အသင်းတို့ရဲ့ ကြယ်ပွင့်ကစားသမား ဒိုမီနစ်ဆာဘော့ဇ်လိုင်းကတော့ လတ်တလော ဥရောပဘောလုံးနယ်ပယ်အတွင်းမှာ အရမ်းကို တောက်ပလွန်းနေတဲ့ လူငယ်ကစားသမားတစ်ယောက်ဖြစ်ပြီး သူ့ကိုလည်း ဥရောပထိပ်တန်း ကလပ်အသင်းများစွာကနေ စိတ်ဝင်တစားရှိနေကြကာ လက်ရှိမှာလည်း ဒီကစားသမားလေးကို စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်အသင်းကနေပါ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ AS ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Daily Express

အသက်(၂၀)အရွှယ်သာရှိသေးတဲ့ ဟန်ဂေရီလက်ရွေးစင် ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်ပြီး ၂၀၁၈ခုနှစ်ကမှ သြစတြီးယားထိပ်သီးကလပ် ဆာလ်ဇ်ဘာ့ဂ်အသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဆာလ်ဇ်ဘာ့ဂ်အသင်းမှာ ဟာလန်း မီနာမီနိုတို့လို ကြယ်ပွင့်ကစားသမားတွေ မရှိတော့တဲ့နောက်ပိုင်းမှာ ဆာဘော့ဇ်လိုင်းဟာ ဆာလ်ဇ်ဘာ့ဂ်ရဲ့ အဓိက ကစားသမားဖြစ်လာခဲ့ရပြီး ဒီရာသီမှာလည်း အသင်းအတွက် ပြိုင်ပွဲစုံ(၁၃)ပွဲအထိ ပါဝင်ကစားထားခဲ့ကာ သွင်းဂိုး(၅)ဂိုး သွင်းယူထားနိုင်ခဲ့သလို ဂိုးဖန်တီးမှု (၉)ကြိမ်အထိ လုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။

Photo Credit : Goal

ကွင်းလယ်(၃)ယောက်တန်းရဲ့ ဘယ်အခြမ်းနေရာမှာ ပါဝင်ကစားတတ်တဲ့ ဆာဘော့ဇ်လိုင်းဟာ ဒီရာသီရဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာပါ ဆာလ်ဇ်ဘာ့ဂ်အတွက် သွင်းဂိုး(၂)ဂိုးပါ ရယူထားနိုင်ခဲ့သလို သူရဲ့ခြေစွမ်းကောင်းတွေကြောင့်လည်း အေစီမီလန် အာဆင်နယ် နာပိုလီအသင်းတွေက ဒီကစားသမားလေးကို စိတ်ဝင်စားလာခဲ့ပြီး စပိန်နိုင်ငံထုတ် AS သတင်းစာရဲ့ ဖော်ပြချက်အရဆိုရင်လည်း လက်ရှိမှာ ဆာဘော့ဇ်လိုင်းကို ရီးရဲလ်မက်ဒရစ်အသင်းကနေပါ စိတ်ဝင်စားလျက်ရှိနေတယ်လို့ သိရပါတယ်။ ရီးရဲလ်အသင်းက အသက်အရွှယ်ပိုင်းအရ အကျဘက်ကို ရောက်ရှိနေပြီဖြစ်တဲ့ ဝါရင့်ခရိုအေးရှား ကွင်းလယ်ကစားသမား လူကာမိုဒရစ်ရဲ့နေရာမှာ ရေရှည်အစားထိုးသွားနိုင်ဖို့အတွက် ဆာဘော့ဇ်လိုင်းကို အလိုရှိနေတာဖြစ်ပြီး ကစားသမားရဲ့ ပြောင်းရွှေ့ကြေးကလည်း ယူရိုသန်း(၃၀)ဝန်းကျင်လောက်ပဲ ရှိနိုင်တာကြောင့် လတ်တလောမှာ အသင်းရဲ့ဘဏ္ဍာရေးအခြေအနေ ကျဆင်းနေရတဲ့ ရီးရဲလ်အတွက်လည်း အဆင်ပြေနိုင်ဖွယ် ရှိနေပါတယ်။ ဆာဘော့ဇ်လိုင်းဟာ မနေ့ညကလည်း သူရဲ့ဟန်ဂေရီအသင်းကို ယူရို-၂၀၂၀ ခြေစစ်ပွဲအောင်မြင်နို်င်အောင် အဓိကနေရာကနေ စွမ်းဆောင်ပေးခဲ့တာမို့ သူရဲ့စွမ်းဆောင်ရည်တွေကို ယူရိုပြိုင်ပွဲမှာပါ ဆက်လက်စောင့်ကြည့်သွားရတော့မှာဖြစ်ပါတယ်။