MySport Myanmar

ဘုန်းမောက်မှာ တောက်ပနေတဲ့ ခံစစ်မှူးလေးကို ရီးယဲလ် မက်ဒရစ်ပါ စိတ်ဝင်စားလာ

ဒီရာသီမှာ ဂျုဗင်တပ်စ်ကနေ ဘုန်းမောက်အသင်းဆီကို ရောက်ရှိလာခဲ့တဲ့ စပိန် ဆယ်ကျော်သက် ခံစစ်ကစားသမားလေး ဒင်း ဟောက်ဆန်ကို ထိပ်တန်း ကလပ်အသင်းတွေက စိတ်ဝင်စားလာခဲ့ပြီး အခုဆိုရင် ဒီအသင်းတွေထဲမှာ လာလီဂါ အင်အားကြီးကလပ် ရီးယဲလ် မက်ဒရစ်အသင်းပါ ပါဝင်လာတယ်လို့ သိရပါတယ်။

ရီးယဲလ်က ဒီရာသီမှာဆိုရင် ခံစစ်ပိုင်း အပါအဝင် နေရာအစုံမှာ ဒဏ်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး အသင်းရဲ့ ဗဟိုခံစစ်မှာလည်း မီလီတာအို အာလာဘာ ရူဒီဂါ ဗယ်လေဟိုတို့ ရှိနေပေမယ့် မီလီတာအို အာလာဘာတို့ ဒဏ်ရာတွေကြောင့် လူငယ် ကစားသမားလေး အဆန်စီယိုအပြင် ကွင်းလယ်လူ ချူအာမန်နီကိုပါ ဗဟိုခံစစ်မှာ အသုံးပြုခဲ့ရပါတယ်။

Photo Credit : Be Soccer

ဒီလို အခြေအနေတွေကြောင့်လည်း ရီးယဲလ်က လာမယ့်နွေမှာ ခံစစ်ပိုင်း အားဖြည့်ဖို့အတွက် အာဆင်နယ်က ဂါဘရီရယ်လ်နဲ့ ဆလီဘာတို့ကို ပစ်မှတ်ထားနေသလို မန်ချက်စတာ ယူနိုက်တက်က လီဆန်ဒရို မာတီနက်ဇ်အပြင် လီဗာပူးလ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဗန်ဒိုက်တို့ကိုပါ ချိန်ရွယ်လာခဲ့ပါတယ်။

ဒီလို ဗဟိုခံစစ်ကစားသမားကြီးတွေနဲ့ ဒီရာသီမှ ဘုန်းမောက်နဲ့အတူ တောက်ပလာခဲ့တဲ့ စပိန် နောက်ခံကစားသမားလေး ဟောက်ဆန်ကိုလည်း ရီးယဲလ်က စတင် စိတ်ဝင်စားလာခဲ့ပါတယ်။ အသက်(၁၉)နှစ်အရွယ် နယ်သာလန်-စပိန်နွယ်ဖွား ဟောက်ဆန်က စပိန်ကလပ် မာလာဂါ လူငယ်အသင်းကနေ ဂျုဗင်တပ်စ် လူငယ်အသင်းဆီ ရောက်ရှိခဲ့ရင်း စီနီယာ ကစားသမားဘဝကိုတော့ ရိုးမားမှာ စတင်နိုင်ခဲ့ပါတယ်။

Photo Credit : Juvefc

ဂျုဗင်တပ်စ်နဲ့ ရိုးမားတို့မှာ ပွဲကစားခွင့် အနည်းငယ်လေးသာ ရရှိခဲ့တဲ့ ဟောက်ဆန်ကို စပိန်လူမျိုး ဘောလုံးနည်းပြ အီရာအိုလာ ကိုင်တွယ်နေတဲ့ ဘုန်းမောက်အသင်းက ဒီနွေမှာ (၆)နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့ပြီး အခုဆိုရင် ဟောက်ဆန်က ဘုန်းမောက်အတွက် အရေးပါတဲ့ ကစားသမားတစ်ဦးပါ ဖြစ်လာခဲ့ရပါတယ်။

လက်ရှိမှာ ဘုန်းမောက်အတွက် သွင်းဂိုး (၂)ဂိုးပါ သွင်းယူပေးထားနိုင်တဲ့ ဟောက်ဆန်ကို ပရီးမီးယားလိဂ် ထိပ်တန်းအသင်းတွေအပြင် ခံစစ်ပိုင်း အားဖြည့်တင်းဖို့ လိုအပ်နေတဲ့ ရီးယဲလ်အသင်းကပါ ပစ်မှတ်ထားလာခဲ့ပြီး နောက်ထပ် ဘုန်းမောက်အသင်းရဲ့ ယူကရိန်း ဗဟိုခံစစ်ကစားသမား ဇာဘာညီကိုလည်း ပီအက်စ်ဂျီက အံ့အားသင့်ဖွယ် စိတ်ဝင်စားနေပြန်ပါတယ်။

Exit mobile version