စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ တချိန်က သူတို့အသင်းရဲ့ ပစ်မှတ် ကစားသမား ဖြစ်ခဲ့ဖူးတဲ့ ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ်ကို လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၄နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ အေဂျက်အသင်းမှာ ကစားနေစဉ်တုန်းက ရီးရဲလ်မက်ဒရစ် အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ဖူးပြီး မန်ချက်စတာ ယူနိုက်တက် အသင်းက သူ့ကို ခေါ်ယူဖို့ ကြားဖြတ် ကြိုးပမ်းခဲ့တာကြောင့်သာ မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ရောက်ရှိသွားခဲ့တာပါ။

Photo Credit: Marca

ဗန်ဒီဘိခ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့စဉ်မှာ ဘရူနို ဖာနန်ဒက် ၊ ပေါ့ဘာတို့နဲ့ တွဲဖက်ကာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိက ကွင်းလယ်လူ ဖြစ်လာလိမ့်မယ်လို့ ထင်ကြေး ပေးခံခဲ့ရပေမယ့် မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားရဲ့ ယုံကြည်မှုကို မရခဲ့တာကြောင့် အရန် ကစားသမား အဖြစ်သာ အချိန်ကုန်ခဲ့ရပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ပုံမှန် ကစားခွင့် မရတာကြောင့် ဗန်ဒီဘိခ်ဟာ နယ်သာလန် လက်ရွေးစင် အသင်းကနေပါ ချန်လှပ်ခံခဲ့ရပြီး ဗန်ဒီဘိခ်အနေနဲ့ ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် နယ်သာလန် လက်ရွေးစင် အသင်းမှာ ပါဝင်ချင်တယ် ဆိုရင်တော့ ပုံမှန် ပွဲထွက်ခွင့် ရရှိဖို့ လိုအပ်ကြောင်း နယ်သာလန် နည်းပြ ဗန်ဟားလ်က သတိပေးထားပါတယ်။

Photo Credit: Marca

ဒါကြောင့်ပဲ ဗန်ဒီဘိခ်ဟာ ပုံမှန် ပွဲထွက်ခွင့်သာ မရခဲ့ရင် လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာပဲ မန်ချက်စတာ ယူနိုက်တက်အသင်း ကနေ ထွက်ခွာဖို့ စဉ်းစားထားပြီး ပြင်သစ် အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Fichajes သတင်းဌာနရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ် အသင်းဟာ ဗန်ဒီဘိခ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြောင်း သိရပါတယ်။

စပိန်အခြေစိုက် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Marca သတင်းဌာနကလည်း ဗန်ဒီဘိခ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ရီးရဲလ်မက်ဒရစ် အသင်းလည်း ပါဝင်နေကြောင်း အတည်ပြုပေးခဲ့သလို ရီးရဲလ်မက်ဒရစ် အသင်းဟာ ဗန်ဒီဘိခ်ကို ရာသီဝက်အငှား + ရာသီကုန်မှာ အပြီးသတ် ခေါ်ယူခွင့်နဲ့ ခေါ်ယူချင်နေကြောင်း ယနေ့မနက်ပိုင်းမှာ ဖော်ပြခဲ့ပါတယ်။