စပိန်လာလီဂါရဲ့ အင်အားကြီး အသင်းကြီး တစ်သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းဟာ သူတို့အသင်းရဲ့ ကစားသမားဟောင်းတစ်ဦး ဖြစ်သူ ဆာဂျီယို ရယ်ဂီလွန် ကို ပြောင်းရွှေ့ကြေး ယူရို ၄၅ သန်း နဲ့ လာမယ့် နွေရာသီ အပြောင်းအရွှေ့‌ ဈေးကွက်မှာ အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် စပါး အသင်းကနေ ပြန်လည် ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ ရယ်ဂီလွန် ဟာ နွေရာသီအပြောင်းအရွှေ့ကာလကမှ စပါးအသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၂၇ သန်း နဲ့ ရောက်ရရှိလာခဲ့တာ ဖြစ်ပြီး အသင်းရဲ့ ဘယ်ခြမ်း ခံစစ်မှာ တာဝန်ကျေပွန်နေပြီး အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြ ကစားထားနိုင်တာလည်း ဖြစ်ပါတယ်။ ရယ်ဂီလွန်ဟာ ရီးရဲလ်မက်ဒရစ် အသင်းမှာ ရှိစဉ်က ပုံမှန် ပွဲထွက်ကစားခွင့်လည်း သိပ်မရရှိခဲ့သလို ပြီးခဲ့တဲ့ ရာသီတုန်းကလည်း ဆီဗီလာ အသင်းထံ အငှားချ ခြင်းကို ခံခဲ့ရပါတယ်။

Photo Credit: Marca

ဒါကြောင့်မို့လည်း ရီးရဲလ်မက်ဒရစ် အသင်းကို စွန့်ခွာခဲ့ပြီး စပါး အသင်းထံကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ ရယ်ဂီလွန် အနေနဲ့ စပါး အသင်းနဲ့ ပထမဆုံး ပွဲထွက် ကစားခွင့်ရတဲ့ ပွဲစဉ်မှာပဲ အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့ပြီး မောရင်ဟို ရဲ့ ယုံကြည်မှုကို ရယူနိုင်ခဲ့တာကြောင့် နောက်ပိုင်း စပါး အသင်းရဲ့ ပွဲစဉ်တိုင်းလိုလိုမှာ ပါဝင် လာနိုင်ခဲ့ပါတယ်။ ရယ်ဂီလွန် ဟာ ဒီရာသီ စပါး အသင်းအတွက် ပြိုင်ပွဲစုံ ၁၁ ပွဲအထိ ကစားပေးထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အဆိုပါ ၁၁ ပွဲမှာ ၃ ကြိမ်ဖန်တီးပေးထားနိုင်ခဲ့ပြီး စပါးအသင်းအတွက် အဓိက ကစားသမား တစ်ဦးအဖြစ်တောင် သတ်မှတ်ခြင်း ခံလာရသူ ဖြစ်ပါတယ်။ စပိန်ဂျာနယ်လစ် တစ်ဦး ဖြစ်တဲ့ အက်ဝါဒို အင်ဒါ က ရီးရဲလ်မက်ဒရစ် အသင်းအနေနဲ့ အသင်းရဲ့ ဝါရင့် ကစားသမား မာဆယ်လို နေရာမှာ အစားထိုးဖို့ အတွက် ရယ်ဂီလွန်ကို ပြန်လည် ခေါ်ယူဖို့ စိတ်အားထက်သန် နေတယ်လို့ ဆိုပါတယ်။

 

Photo Credit: Marca

မာဆယ်လို အနေနဲ့ ဒီရာသီမှာ ခြေစွမ်းပြဖို့ ရုန်းကန် နေခဲ့ရပြီးတော့ သူ့ရဲ့ နောက်ဆုံး စွမ်းဆောင်ရည် ကလည်း နည်းပြ ဇီဒန်း အတွက်တော့ ယုံကြည်လောက်စရာ အနေအထားမှာ ရှိမနေတာ ဖြစ်ပါတယ်။ အသင်းအနေနဲ့ကော၊ ပရိသတ်တွေ အနေနဲ့ကောက အခုချိန်မှာ သူ့ရဲ့ ထွက်ခွာမှုကို လက်ခံနိုင်နေပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။ ရယ်ဂီလွန်ရဲ့ ကာလတန်ကြေးကတော့ လက်ရှိမှာ ယူရို ၄၅ သန်းအထိ ရှိနေပြီးတော့ ရီးရဲလ်မက်ဒရစ် အသင်းအနေနဲ့ကတော့ အဆိုပါ ပမာဏ ကို ပေးဆောင်နိုင်မလား ဆိုတာတော့ ဖော်ပြထားခြင်း မရှိသေးပါဘူး။ ဒါပေမယ့်လည်း ရယ်ဂီလွန် အနေနဲ့ စပါးမှာ ဆက်လက် ခြေစွမ်းပြနေပြီးတော့ မာဆယ်လိုက ဆက်လက် ရုန်းကန်နေခဲ့ရရင် ရီးရဲလ် အနေနဲ့ ရယ်ဂီလွန် ကို ပြန်လည် ခေါ်ယူဖို့ အတွက် လာမယ့် လအနည်းငယ် အတွင်းမှာ ညှိနှိုင်းတာမျိုးတွေ ပြုလုပ်လာနိုင်ပါတယ်။