MySport Myanmar

ဟယ်ရီကိန်းကို မရရင် မာတီနက်ဇ်ကို ပြောင်းလဲ ခေါ်ယူသွားမယ့် ရီးရဲလ်မက်ဒရစ်

စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်က အသင်းခေါင်းဆောင် ဘန်ဇီမာ ထွက်ခွာသွားပြီးနောက် လစ်လပ်သွားတဲ့ အဓိက အထောင်တိုက်စစ်မှူး နေရာအတွက် စပါးအသင်းခေါင်းဆောင် ဟယ်ရီကိန်းကို ခေါ်ယူဖို့ ကြိုးစားနေပေမယ့် ကိန်းရဲ့ ပြောင်းရွှေ့ကြေးဟာ မြင့်မားနေတာကြောင့် ဈေးသက်သက်သာသာနဲ့ ရရှိနိုင်တဲ့ အင်တာမီလန် တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်ကို အရန်ပစ်မှတ် အဖြစ် သတ်မှတ်လိုက်ကြောင်း ရီးရဲလ်မက်ဒရစ်နဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက်တွေက အခိုင်အမာ ဖော်ပြလာကြပါတယ်။

ရီးရဲလ်မက်ဒရစ်က ယခုနှစ် ရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် အဓိက တိုက်စစ်မှူး ကာရင် ဘန်ဇီမာကို ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် ဆော်ဒီကလပ် အယ် အီတီဟတ်က ဘန်ဇီမာကို ယူရို ၆၀၀သန်းတန် ကမ်းလှမ်းမှု တရပ် ပြုလုပ်လာချိန်မှာတော့ ဘန်ဇီမာက ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်း မတိုးတော့ပဲ အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်ကလည်း ဘန်ဇီမာကို အသင်းပြောင်းခွင့် ပေးခဲ့ပါတယ်။

Photo Credit: Fot Mob

လက်ရှိမှာ ဘန်ဇီမာက အယ် အီတီဟတ်နဲ့ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပြီး ရီးရဲလ်မက်ဒရစ်ကလည်း ဘန်ဇီမာ မရှိတော့တာကြောင့် လစ်လပ်သွားတဲ့ အဓိက အထောင်တိုက်စစ်မှူး နေရာအတွက် စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့ ကြိုးစားနေပေမယ့် အောင်မြင်မှုတော့ မရသေးပါဘူး။

ရီးရဲလ်မက်ဒရစ်ရဲ့ တာဝန်ရှိသူတွေက ဟယ်ရီကိန်းရဲ့ ခြေစွမ်းနဲ့ ဦးဆောင်နိုင်စွမ်းကို သဘောကျကြသလို ဟယ်ရီကိန်းကလည်း ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ချင်နေပေမယ့် စပါးဥက္ကဌ လီဗိုင်းက စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ဟယ်ရီကိန်း အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်း အထိ လိုချင်နေတာကြောင့် အပြောင်းအရွှေ့ ဖြစ်မြောက်လာဖို့ ခက်ခဲနေတာပါ။

Photo Credit: Futbol Total

ရီးရဲလ်မက်ဒရစ်နဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် ကော်တီဂါနာရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်က ဟယ်ရီကိန်းကို ခေါ်ယူဖို့ ကြိုးစားရာမှာ အဆင်မပြေမှုတွေနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် ဟယ်ရီကိန်း အစား အင်တာမီလန် တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်ကို ပြောင်းလဲ ခေါ်ယူဖို့ စီစဉ်နေပြီး လော်တာရို မာတီနက်ဇ်ကလည်း ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ ကစားချင်နေကြောင်း သိရပါတယ်။

အသက် ၂၅နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်က အင်တာမီလန်ရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ကာလရှည် ခြေစွမ်းပြ ကစားထားနိုင်သူ ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ အင်တာမီလန် အတွက် ပြိုင်ပွဲစုံ ၅၆ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂၈ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၁ကြိမ် ပြုလုပ်နိုင်ခဲ့ကာ သူ့ရဲ့ တန်ကြေးကတော့ ပေါင် ၈၀သန်း ဝန်းကျင် ရှိပါတယ်။

Exit mobile version