စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်က လာမယ့် ဘောလုံးရာသီ အတွက် သူတို့အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းမှု တရပ်အနေနဲ့ မန်ချက်စတာ စီးတီးကနေ ထွက်ခွာဖို့ စိုင်းပြင်းနေတဲ့ ဘရာဇီးလ် တိုက်စစ်မှူး ဂါဘရီရယ် ဂျီးဆပ်ကို ခေါ်ယူဖို့ ကြံရွယ်နေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၅နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူး ဂါဘရီရယ် ဂျီးဆပ်က ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်း တိုက်စစ်မှူးတွေထဲက တဦး ဖြစ်ပေမယ့် မန်ချက်စတာ စီးတီး နည်းပြ ပပ် ဂွာဒီယိုလာရဲ့ စိတ်ကြိုက် တိုက်စစ်မှူး တဦး မဟုတ်ခဲ့တာကြောင့် လာမယ့် နွေအပြောင်းအရွှေ့မှာ မန်ချက်စတာ စီးတီးဘက်က ရောင်းချမယ့် ကစားသမား စာရင်းထဲမှာ ပါဝင်နေသူပါ။

Photo Credit: Goal

ဂျီးဆပ်က ဘရာဇီးလ် တိုက်စစ်မှူးတွေရဲ့ ထုံးစံအတိုင်း တဦးချင်း ကျွမ်းကျင်မှု ပြည့်ဝသလို နေရာယူမှု ကောင်းမွန်တဲ့ တိုက်စစ်မှူး တဦး ဖြစ်ပေမယ့် မန်ချက်စတာ စီးတီးရဲ့ လိုအပ်ချက် ဖြစ်တဲ့ နံပါတ်၉ တိုက်စစ်မှူး တဦး အဖြစ် ကစားနိုင်စွမ်း မရှိပဲ နံပါတ် ၁၀ တိုက်စစ်မှူး တဦးလိုသာ ကစားတတ်တာကြောင့် မန်ချက်စတာ စီးတီးက သူ့ကို အရောင်းစာရင်း တင်ထားတာ ဖြစ်ပြီး ဂျီးဆပ်ကလည်း သူ့အတွက် ပုံမှန် ပွဲထွက်ခွင့် ရဖို့ သေချာသလို သူ့ရဲ့ အရည်အသွေးတွေကို သက်သေပြနိုင်မယ့် အသင်းတသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားပါတယ်။

လက်ရှိမှာတော့ ပရီးမီးယားလိဂ် နာမည်ကြီးအသင်း နှစ်သင်း ဖြစ်တဲ့ အာဆင်နယ်နဲ့ စပါးတို့က ဂျီးဆပ်ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေကြပြီး စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ကလည်း အမ်ဘာပေကို လက်လွှတ်ခဲ့ရပြီးနောက် ဂျီးဆပ်ကို ခေါ်ယူဖို့ စောင့်ကြည့်လာကြောင်း နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ မာကာသတင်းဌာနက ဖော်ပြလာပါတယ်။

Photo Credit: Goal

မာကာသတင်းဌာနရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြဖြစ်သူ အန်ဆလော့တီက ဂျီးဆပ်ရဲ့ ခြေစွမ်းကို အတော်လေး သဘောကျ နှစ်ခြိုက်သူ တဦး ဖြစ်ပြီး ဘန်ဇီမာရဲ့ အရန် တိုက်စစ်မှူး တဦး အဖြစ် ဂျီးဆပ်ကို ခေါ်ယူချင်နေကြောင်းလည်း သိရပါတယ်။
မန်ချက်စတာ စီးတီးကတော့ ဂျီးဆပ်ရဲ့ ပြောင်းရွှေ့ကြေးကို ယူရို ၄၅သန်း သတ်မှတ်ထားပြီး လက်ရှိမှာ အာဆင်နယ်က ဂျီးဆပ်ကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေပေမယ့် ရီးရဲလ်မက်ဒရစ်ကသာ ဂျီးဆပ်ကို ခေါ်ယူဖို့ အမှန်တကယ် ကြိုးပမ်းလာရင် ဂျီးဆပ်ဟာ ရီးရဲလ်မက်ဒရစ်ဆီသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်နိုင်ကြောင်း ဂျီးဆပ်နဲ့ နီးစပ်သူတွေက ဝန်ခံထားပါတယ်။